ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၁ ရက်
၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို အာရက္ခတပ်တော် AAကလည်း ဂုဏ်ပြု သဝဏ်လွှာပေးပို့ခဲ့ပြီး ချင်းနှင့် ရခိုင်ကြား သမိုင်းသစ်တစ်ခုရေးထိုးကြရန် တိုက်တွန်းခဲ့သည်။
ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် ကျရောက်သည့် ၇၈နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ရခိုင်နှင့်အိမ်နီးချင်းဒေသ၊ မြန်မာနိုင်ငံအနှံ့မှ ချင်းညီအစ်ကိုများအနေဖြင့် အချင်းချင်းကြား ရရှိထားသော ချစ်ခင်၊ နားလည် ၊ယုံကြည်၊ စည်းလုံးမှုများနှင့်လူမျိုးနှစ်စုကြား သမိုင်းသစ်တစ်ခုရေးထိုးကြရန် ULA/AAကတိုက်တွန်းလိုက်ခြင်းဖြစ်သည်။

ချင်းလူမျိုးများအနေဖြင့်လည်း အမျိုးသားတန်းတူရေးနှင့်အတူ အာရက္ခတိုင်းပြည်တည်ဆောက်ရေး၊ ဒေသဖွံ့ဖြိုးရေးများတွင်ပါဝင်ဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းထားသည်။
စစ်အာဏာရှင်လက်အောက်မှလွတ်မြောက်ရေး ကြိုးပမ်းမှုများအရာထင်နေပြီး မဆုတ်မနစ်သောဇွဲလုံ့လဖြင့်တော်လှန်နေခဲ့သည့် အကျိုးရလာဒ်ကိုခံစားနားလည်၍ လွတ်လပ်မှုမဆုံးရှုံးရအောင် အားလုံးတွင် တာဝန်ရှိသည်ဆိုသည့် အသိတရားနှင့်စုပေါင်းကာကွယ်ကြရမည်ဟု AAက သဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။

ချင်းပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက စစ်ကော်မရှင်ကို တော်လှန်တိုက်ခိုက်နေပြီး မြို့နယ်အချို့ကိုလည်း သိမ်းယူထားပြီးဖြစ်သည်။
AAသည်လည်း ချင်းပြည်နယ်မှ ပလက်ဝအပါအဝင် ရခိုင်ပြည်နယ်မှ မြို့နယ် ၁၇ မြို့နယ်ကိုသိမ်းယူထားပြီး ကျန်မြို့နယ် သုံးမြို့နယ်ကိုလည်း စစ်ရေးအရ ခြိမ်းခြောက်ထားသည်။