ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၀ရက်
ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်အတွင်း ဒရုန်းတစ်စင်းပစ်ချခံရပြီး မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) လေကြောင်းလိုင်းမှလေယာဉ်တစ်စီး၏အမြီးပိုင်းထိမှန်ခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားလေဆိပ်မှ ထွက်ခွာရန်ပြင်နေသည့် လေ ယာဉ်၏ အမြီးပိုင်းကို ယနေ့ ဖေဖော်ဝါရီ ၂၀ရက် ည၈နာရီ ၄၅မိနစ်အချိန်ခန့်တွင် ဒရုန်းထိမှန်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

“ဒရုန်းကို လေဆိပ်က အစောင့်တွေကပစ်လို့ ပျက်ကျပြီး လာထိတာလို့လည်း ပြောတယ်။ လေယာဉ်ကတော့ အမြီးပိုင်းထိတယ်။ လူထိခိုက်မှုမကြားဘူး” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
လေယာဉ်အမြီးပိုင်း ထိမှန် ပျက်စီးမှုအချို့ရှိပြီးနောက် ပတ်ဝန်းကျင်တွင် ပစ်ခတ်သံများကြားရပြီး ခရီးသည်များလည်း လေယာဉ်ပေါ်မှဆင်းပြေးကြသည်ဟုဆိုသည်။
“လေဆိပ်က စစ်သားတွေကပစ်တာလား၊ မပခဘက်ကပဲ ပစ်တာလားတော့မသိဘူး လက်နက်ကြီးနဲ့ပါထုနေတာ။ သေနတ်ပစ်သံလည်းကြားတယ်” ဟုဒေသခံသတင်းရင်းမြစ်ကပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ရက်နေ့ကလည်း မြစ်ကြီးနားလေဆိပ်ကို အသေခံဒရုန်းတစ်စင်းကျရောက်မှုရှိပြီး စစ်ကော်မရှင်ဘက်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် PDF များ၏လုပ်ရပ်ဟု စွပ်စွဲထားသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-ဒရုန်းထိမှန်သည့် လေယာဉ်အမြီးပိုင်း