ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၀ ရက်

 

လူငယ်များကြားတွင်ကျယ်ပြန့်စွာသောက်သုံးနေလျှက်ရှိသော အီးစီးကရက် (vape ) အပါအဝင် ဆက်စပ်ပစ္စည်းများကို ရောင်းချခြင်း၊ သုံးစွဲခြင်းပြုလုပ်လျှင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရအရေးယူခံရမည်ဖြစ်ကြောင်း စစ်ကော်မရှင်လက်အောက်ရှိ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်သည်။

 

အီးစီးကရက် (ခေါ်) Vape ကို ကုန်စည်တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ရောင်းဝယ်ခြင်း၊ လက်ဝယ်ထားရှိခြင်း သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း ၊အသုံးပြုခြင်း သို့မဟုတ် စားသုံးပါက အရေးကြီးကုန်သည်နှင့် ဝန်ဆောင်မှုဥပဒေအရအရေးယူခြင်းခံရမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။

 

အီးစီးကရက်ကို ဆေးလိပ်ဖြတ်ရန်အတွက်အမျိုးသားအများစုအစားထိုးသုံးစွဲလာရာကနေ နောက်ပိုင်းတွင်အမျိုးသမီးများပါတွင်ကျယ်စွာသုံးစွဲလာကြသည်။

အီလက်ထရောနစ်အငွေ့ရှူစက်နှင့်ဆက်စပ်ပစ္စည်း အငွေ့ရူတံ၊ ဓာတုဗေဒဆေးရည်၊ အငွေ့ထွက်စေသော အပူပေးကိရိယာ၊ ဘက်ထရီ၊ အားသွင်းစက်၊ နီကိုတင်းပါဝင်သော ဓါတုဗေဒဆေးရည်( အနံ့အရသာ) ပစ္စည်းထည့်အိတ်၊ သန့်ရှင်းရေးပြုလုပ်သည့်ပစ္စည်းများ အခြားပစ္စည်းများတင်သွင်း၊ရောင်းချခြင်းပိတ်ပင်လိုက်ခြင်းဖြစ်သည်။

 

ယင်းပြင် အီလက်ထရောနစ်အငွေ့ရှူစက်နှင့်ဆပ်စပ်ပစ္စည်းများ အငွေ့ရူတံ အငွေ့ရှူပိုက်၊ အငွေ့ဖြတ်သွားရန် ရေ (သို့) အခြားဆေးရည်၊ ဓာတုဆေးရည်၊ နီးကိုတင်းပါဝင်သော ဓာတုဆေးရည်တို့ပါဝင်ကြောင်းထုတ်ပြန်သည်။

 

အီးစီးကရက် ( vape) တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထုတ်ကုန်ပစ္စည်းကဲ့သို့ လူကိုစွဲလမ်းစေတတ်သော နီကိုတင်းဓာတ်နှင့် အသက်အန္တရာယ်ဆိုးကျိုးများအနေဖြင့် လူငယ်များတွင် ဦးနှောက်ဖွံ့ဖြိုးမှုကိုထိခိုက်စေခြင်း၊ အာရုံစူးစိုက်မှုကျဆင်းလာခြင်းအပါအဝင် ကင်ဆာရောဂါအထိဖြစ်စေနိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

အဆိုပါအရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေတွင် ပြစ်မှုထင်ရှားပါက အနည်းဆုံးထောင်ဒဏ် ခြောက်လမှ အများဆုံးထောင်ဒဏ် သုံးနှစ်၊ ငွေဒဏ် ကျပ် ငါးသိန်းထက်မပိုသောဒဏ်ငွေချမှတ်ခံရမည်ဟုပြဌာန်းထားသည်။

ဓာတ်ပုံ- လူမှုကွန်ရက်