နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၀ ရက်

ထိုင်း-မြန်မာနယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် ကုန်သွယ်ရေး အဆင်ပြေရန် ထိုင်းနိုင်ငံ၏ ကြိုးပမ်းမှု များသည် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို စစ်ကော်မရှင်ဘက်မှ လက်တွေ့ အကောင်အထည်မဖော်သရွှေ့ ပြေလည်နိုင်မည်မဟုတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် ဖူးခက်မြို့၌ စစ်ကော်မရှင်ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံနယ်စပ်ဒေသ အခြေအနေများအတွက် တော်လှန်ရေးအဖွဲ့အစည်းများ (EROs) နှင့် စစ်ကော်မရှင်တို့အကြား ဆွေးနွေးနိုင်ရန် ကူညီသွားမည်ဟု ပြောဆိုခဲ့မှုအပေါ် KNU က ပြန်လည်တုံ့ပြန်ခြင်းဖြစ်သည်။

“အထူးသဖြင့် အာဆီယံရဲ့ ဘုံသဘောတူညီမှု ငါးချက်ပေါ့နော်။ အဲဒါကို စစ်ကောင်စီ(စစ်ကော်မရှင်)က လက်တွေ့အကောင် အထည်ဖော်ဖို့ လိုပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲ ဒီနယ်စပ်တည်ငြိမ်ရေးအတွက်ပဲ ဦးတည်ပြီး တရွှတ်တိုက် လုပ်သွားမယ်ဆိုရင် ဒါဟာ ဘယ်လိုမှ ပြေလည်စရာ အကြောင်းမရှိဘူး” ဟု KNU ပြောခွင့်ရ ပဒိုစောတောနီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုင်းနိုင်ငံအနေဖြင့် နယ်စပ်တည်ငြိမ်ရေးနှင့် ကုန်သွယ်ရေး ပြန်လည်စတင်နိုင်ရန် ကြိုးပမ်းမှုကို နားလည်သော်လည်း၊ မြန်မာ့အရေး အခြေခံပြဿနာဖြစ်သည့် စနစ်ပြောင်းလဲရေးကို မျက်ကွယ်ပြု၍ မရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ “ဒါက ပြဿနာရဲ့ အရင်းအမြစ်လည်း ဖြစ်ပါတယ်” ဟု ပဒိုစောတောနီးက ဆိုသည်။

ယင်းတွေ့ဆုံမှုအတွင်း မြန်မာနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ထိုင်းနိုင်ငံသည် မြန်မာ့အရေးကြောင့် တိုက်ရိုက်သက်ရောက်မှု ခံနေရသော ရှေ့တန်းနိုင်ငံ ဖြစ်သည်နှင့်အညီ ၎င်းတို့အနေဖြင့် တစ်ဆင့်ချင်းစီ ပြန်ထိတွေ့ ဆက်ဆံသွားရန် မူဝါဒချမှတ်ထားကြောင်း ထိုင်းသတင်းများအရ သိရသည်။

ထို့ကြောင့် မြန်မာ့ရွေးကောက်ပွဲအလွန် စစ်ကော်မရှင်ကို နိုင်ငံတကာနှင့် ပြန်လည်၍ အဆက်အသွယ် ရရန်နှင့် အာဆီယံ၌ နေရာရလာရန် ထိုင်းနိုင်ငံမှ ကြားထဲကနေ ပေါင်းကူးတံတားတစ်ခုလို ပိုမိုတက်တက်ကြွကြွ ကူညီပေးရေး ပြင်ဆင်နေသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံအနေဖြင့် နယ်စပ်တည်ငြိမ်ရေးနှင့် ကုန်သွယ်ရေးများ ပြန်လည်လုပ်ဆောင်နိုင်ရန်အတွက် ကြိုးပမ်းနေမှုအပေါ် ပြောစရာမရှိသော်လည်း အဓိကကျသော မြန်မာ့အရေး အခြေအနေ၊ နယ်စပ်ပြဿနာသည် ယင်းကိစ္စတစ်ခုတည်းဖြင့် ပြီးသွားလုံလောက်မည် မဟုတ်ကြောင်း KNU ပြောခွင့်ရ ပဒိုစောတောနီးက ဆိုသည်။

“တိုင်းပြည်တစ်ပြည်လုံးအတွက် လိုအပ်နေတဲ့ စနစ်ကို ပြောင်းလဲနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဖြစ်ပေါ်လာမှု အခြေအနေတွေက ဒီကိုဦးတည်သွားဖို့တော့ လိုအပ်ပါတယ်။ အဲဒါက ပြဿနာရဲ့ အရင်းအမြစ်လည်း ဖြစ်ပါတယ်” ဟု ပဒိုစောတောနီးက ဆက်လက်ပြောသည်။

စစ်ကော်မရှင်ကမူ ထိုင်း-မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ တိုက်ဖျက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာ စာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းရေး စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်သည်။

လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေး၏ အဓိကကျသော အာရှလမ်းမကြီး (Asia Highway) ကို ပိတ်ထား ရသဖြင့် စစ်ကော်မရှင်အနေဖြင့် ပင်လယ်ရေကြောင်းဖြစ်သည့် ရနောင်း-ရန်ကုန် လမ်းကြောင်းကို အဓိကထား အသုံးပြုနေရသည်။ သို့သော် ကုန်ကျစရိတ် ပိုမိုများပြားနေသဖြင့် အဆင်မပြေ မှုများ ရှိနေကြောင်း နယ်စပ်အရေး လေ့လာသူများက ထောက်ပြသည်။

“အရင်က မဲဆောက်-ရန်ကုန် လမ်းကြောင်းမှာ ကုန်သွယ်မှုဟာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၄ ဘီလီယံအထိ ရှိခဲ့တာပါ။ အခု ရေလမ်းက ကုန်ကျစရိတ် ပိုများသလို စစ်ကော်မရှင်ဘက်က သွင်းကုန် အမယ်တွေကို ကန့်သတ်ထားတာကြောင့် လူထုတွေမှာ ကုန်စည်ရှားပါး ပြတ်လပ်မှုနဲ့ ကြုံနေရပြီ” ဟု ထိုင်း-မြန်မာအရေး လေ့လာစောင့်ကြည့်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင် အာဏာသိမ်းပြီးနောက် ခုခံတော်လှန်မှု အားကောင်းသော KNU သည် ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်၌ ကီလိုမီတာ ၁၀၀၀ ကျော် ထိန်းချုပ်ထားဟု ပြောခွင့်ရ ပဒိုစောတောနီးက ဆိုထားပြီး တစ်ဖက်တွင်လည်း ဒေသတချို့ကို ကျန်ရှိ EROs နှင့် PDF များ စိုးမိုးထားကြောင်း သိရသည်။

ယင်းအခြေအနေများကြောင့် အထိနာ စစ်ရှုံးနေသော စစ်ကော်မရှင်သည် လက်လွှတ်လိုက်ရမှုကို ပြန်လည်ရယူနိုင်ရန် အင်အားဖြည့်တင်း ပြင်ဆင်ကြိုးပမ်းနေပြီး နယ်စပ်မှတစ်တင့် ပြည်တွင်း ဝင်လာသော ထိုင်းကုန်စည်များကိုလည်း တရားမဝင်ဟု အကြောင်းပြ၍ ဖမ်းဆီးထိန်းချုပ် နေသဖြင့် ကုန်သည်များ အခက်တွေ့နေကြောင်း သိရသည်။

ဓာတ်ပုံ-MOI