ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၀ရက်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကော်မရှင်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ထိတွေ့တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်က တိုက်ပွဲဖြစ်ပွားရာ ဓညဝတီရေတပ်ဌာနချုပ် အနီးရှိ ကျေးရွာများကို လေကြောင်းမှ ဆက်တိုက်တိုက်ခိုက်နေကြောင်း သိရသည်။
စစ်ကော်မရှင်၏ ရေတပ်ဌာနချုပ်အနီးရှိ စိုင်ခြုံကျေးရွာတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကာ စစ်ကော်မရှင်ဘက်မှ ရေတပ်ဌာနချုပ်နှင့် မိုင်အနည်းငယ်အကွာရှိ နေရာများတွင် ကာကင်းစခန်းများကို အခိုင်အမာ ထပ်မံတိုးချဲ့ဆောက်လုပ်နေကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
”စစ်တပ်ဘက်ကတော့ စစ်ကြောင်းထိုးနေတာပဲ။ အရာမထင်ဘူးပေါ့။ တိုက်ပွဲက မြို့အနီးဦးတည် နေရာကနေ ရေတပ်ဘက်ကပ်သွားတော့ စစ်တပ်ဘက်က ကာကင်းတွေထပ်ဆောက်တယ်ပြောတယ်” ဟု ကျောက်ဖြူသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အင်အား ၂၀၀ ခန့်ပါဝင်သော စစ်ကော်မရှင်စစ်ကြောင်းနှင့် AA တို့သည် စိုင်ခြုံရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကော်မရှင်က မိကျောင်းရေသောက်၊ ဝါးတော၊ မအူတော၊ ကြောင်တင်နှင့် မော်ကြီး စသည့်ကျေးရွာများကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ မိကျောင်းရေသောက်ကျေးရွာမှ အမျိုးသမီး နှစ် ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် ကြတ္တိန်ကျေးရွာကိုလည်း ဒရုန်းဖြင့် ဗုံး ခုနစ် လုံးအထိ ကြဲချတိုက်ခိုက်ခဲ့သည့်အပြင် ကျေးရွာအချို့ကိုပါ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်ထံမှ သိရသည်။
တိုက်ပွဲများသည် ဓညဝတီရေတပ်ဌာနချုပ်နှင့် နီးကပ်လာသည့်အတွက် စစ်ကော်မရှင်ဘက်မှ ပတ်ဝန်းကျင်ကျေးရွာများကို လေကြောင်း၊ ရေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။
လက်ရှိတွင် ကျောက်ဖြူစစ်မျက်နှာ၌ အင်အားထောင်ချီ အသုံးပြုထားသည့် စစ်ကော်မရှင်သည် စစ်ရေးအရ အရေးပါသည့် နယ်မြေများကို စစ်ကြောင်းထိုးနိုင်ရန် ကြိုးပမ်းနေပြီး AA ဘက်ကလည်း ထွက်လာသမျှ စစ်ကြောင်းများကို ဟန့်တားစစ်အသွင်ဖြင့် တိုက်ခိုက်နေကြောင်း သိရသည်။
ပုံစာ-စစ်ကော်မရှင်တပ်မှ စစ်ရေးလေ့ကျင့်နေမှုများ(ပုံဟောင်း)