‎ဧရာဝတီတိုင်းမ်
‎ဖေဖော်ဝါရီ ၂၀ ရက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း တိုက်ပွဲများမှာ တစ်နှစ်ကျော်ကြာမြင့်လာပြီဖြစ်သော်လည်း ဆက်လက်ပြင်းထန်နေပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ ထိုးစစ်ကို စစ်ကော်မရှင်က လေကြောင်း ပစ်ကူကိုသာ အဓိကထား၍ ခုခံနေရကြောင်း သိရသည်။

စစ်ကော်မရှင်သည် KIA က သိမ်းယူထားသည့် စစ်စခန်းများနှင့် ခြေကုပ်စခန်းများကို ပြန်လည် ရယူနိုင်ခြင်း မရှိသည့်အပြင်၊ KIA ၏ ထိုးစစ်ဆင်လာမှုကိုသာ စောင့်ကြည့်ခုခံနေရသည့် “ခံစစ်အသေ” အနေအထားသို့ ရောက်ရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

‎”KIA ကတော့ လက်ရှိ အသာစီးယူထားတဲ့အခြေအနေကနေ အပြောင်းအလဲမရှိဘူး။ ကချင်ထဲမှာကို စစ်ဆိုင်တဲ့နေရာက သုံး ခုလောက်ရှိတယ်။ ကသာ၊ ကောလင်း၊ ဗန်းမောက်ဘက်လည်း တပ်ဖြန့်ထားရ တာတွေရှိတော့ အင်အားသုံးထားရတယ်ပေါ့” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်သည် ‎ဗန်းမော်စစ်မျက်နှာတစ်ခုတည်းတွင်ပင် အင်အား အနည်းဆုံး ၉၀၀ မှ ၁၅၀၀ အထက် အထိအသုံးပြု ခံစစ်ဆင်နေရခြင်းဖြစ်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ဆိုသည်။

‎ထို့အပြင် Yak-130 တိုက်လေယာဉ်နှစ်စင်းဖြင့် လေကြောင်းတိုက်ခိုက်မှုရှိပြီး စစ်ကော်မရှင်၏ အထူးသီးသန့် ဒရုန်းကျွမ်းကျင်အဖွဲ့များပါ ဗန်းမော် စစ်မျက်နှာတွင် ရှိနေသော်လည်း KIA ကလည်း စစ်တပ်၏ နည်းပညာမြင့် ဒရုန်းအကြီးစားများကို ဖျက်ချထားနိုင်သည်အထိရှိကြောင်း သိရသည်။

ဗန်းမော်တွင် ‎လပိုင်းအတွင်း၌ပင် စစ်ကော်မရှင်၏ သံချပ်ကာယာဉ် ၇ စီး အထိ KIA က ဖျက်ဆီးခဲ့ပြီး စစ် လက်နက်ပစ္စည်းတပ် စစန-၆၄၁ နှင့် ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ဖွဲ့ ထပရ-၉၃၃ တပ်များ ကိုလည်း ခြိမ်းခြောက်ထားနိုင်သည်။

‎လက်ရှိ တိုက်ပွဲသတင်းအရ ယနေ့ ဖေဖော်ဝါရီ ၂၀ ရက်တွင် ဖြစ်ပွားနေသည့် ဗန်းမော်တိုက်ပွဲတွင် ခမရ ၆၀၁မှ ဗိုလ်မှူးရာထူးအဆင့်ရှိသူတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ပုံစာ-ဖျက်ဆီးခံထားရသည့်စစ်ကော်မရှင်၏သံချပ်ကာယာဉ်များ။