ဧရာဝတီတိုင်းမ်
(ဖားဆောင်း)၊ ဖေဖော်ဝါရီ ၁၉ ရက်
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်အတွင်းသို့ စစ်ကော်မရှင်က ပြီးခဲ့သည့် ဖေဖော်ဝါရီဒုတိယအပါတ်မှစတင်ပြီး အင်အားအများအပြားအသုံးပြုကာ စစ်ကြောင်းထိုးခဲ့ပြီးနောက် ဖားဆောင်းမြို့ပေါ်အထိ စစ်ကြောင်းဝင်ရောက်လာနိုင်ကာ ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
စစ်ကော်မရှင်သည် ဖားဆောင်းမြို့မှတဆင့် မော်ချီးမြို့အထိ ပြန်လည်ရရှိရေး စစ်ရေးရည်မှန်းချက်ဖြင့် ယခုကဲ့သို့ အင်အားသုံးစစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)ထံက သိရသည်။
အဆိုပါစစ်ဆင်ရေးကို ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလတွင် စတင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ရှုံးဆုံးထားသည့်နယ်မြေများကို ပြန်လည်ရရှိရန် ကြိုးပမ်းသည့် စစ်ဆင်ရေးတစ်ခုဖြစ်သည်။

“ဖားဆောင်းမြို့ထဲကို စကမရဲ့တပ်ဝင်သွားပြီပေါ့နော်။ ဒါပေမဲ့ဖားဆောင်းမြို့ကို ထိန်းချုပ်တဲ့ပုံစံကိုကြည့်ရင် ဖားဆောင်းမြို့က အရင်တုန်းကလက်ကျန်တပ်တတပ်ပဲကျန်ခဲ့တယ်။ အခုကစစ်ကူပို့တဲ့ပုံစံနဲ့ရောက်လာတယ်။ ဒါပေမဲ့လည်း ဖားဆောင်းပတ်ပတ်လည်မှာ စစ်ရေးအရဆက်ပြီးတော့မှ စစ်ရေးအရှိန်ကမြှင့်အုံးမှာဖြစ်တယ်ပေါ့နော်။ နောက်ပြီးမြို့ထဲကိုရောက်ပြီးတော့မှ မြို့ပြင်ကိုဆက်ထွက်ဖို့က စစ်ရေးအရကတော့ပြောရခက်တယ် ထွက်တာနဲ့တိုက်ပွဲဖြစ်မှာပေါ့နော်” ဟု IEC အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခင်က ဖားဆောင်းမြို့နှင့် ဖားဆောင်းအခြေစိုက် ခလရ-၁၃၄ တပ်ရင်းကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားသော်လည်း အုပ်ချုပ်ရေးဖော်ဆောင်နေသည့်အခြေအနေမရှိပဲ ယခုထိုးစစ်ဆင်မှုပြီးနောက်တွင် စစ်ကော်မရှင်က မြို့ပေါ်အထိ နေရာယူလာကာ ဖားဆောင်းကို ပြန်လည်ရရှိပြီဖြစ်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ဖားဆောင်း-မယ်စဲ့လမ်းမကြီးပေါ်ရှိ သံလွင်တံတား(ဖားဆောင်း) မှာလည်း မိုင်းခွဲခံရမှုကြောင့် တံတားပျက်စီးခဲ့ပြီး ဒေသခံများအတွက် လမ်းပန်းဆက်သွယ်ရေးထိခိုက်မှုများ အဆင်မပြေမှုများ ရှိလာနိုင်ကြောင်း သိရသည်။
စစ်ကော်မရှင်ကမူ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲ-ဖားဆောင်းလမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်းပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့က ကြေညာခဲ့ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ကမူ တိုက်ပွဲများကြောင့် အသုံးမပြုကြရန် ဖေဖော်ဝါရီ ၅ ရက်နေ့က သတိပေးထုတ်ပြန်ခဲ့သည်။
“ဖားဆောင်းနဲ့ဘောလခဲကြားမှာလည်း ဘယ်သူမှစိုးမိုးထားနိုင်တာမရှိဘူး။ စစ်ကောင်စီသွားရင်လည်း တိုက်ခိုက်ခံရနိုင်တယ် ကျွန်တော်တိူ့သွားရင်လည်းကျွန်တော်တို့တိုက်ခိုက်ခံရမှာပဲ
ဒီဟာကဘယ်သူမှတစ်ရာရာခိုင်နှုန်း စိုးမိုးထားတဲ့နယ်မြေမဟုတ်ဘူး။ အဲ့တာကြောင့်မို့အဲ့ဒီနေရာတွေက လွပ်လွပ်လပ်လပ်သွားလာတာမျိုး ကုန်စည်စီးဆင်းမှုရှိတာမျိုး ဘာမှလုပ်လို့ရမှာမဟုတ်ဘူး” ဟု ဖားဆောင်းဒေသအခြေအနေကို IEC အတွင်းရေးမှူး-၂ က ဆက်လက်ရှင်းပြသည်။
ဖားဆောင်းတိုက်ပွဲကို လက်ရှိတွင် ကရင်နီအခြေစိုက်PDFတပ်ဖွဲ့များနှင့် ကရင်နီပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး(ကလလတ)တို့မှ ဦးဆောင်တိုက်ပွဲဝင်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်