ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၉ ရက်
ရန်ကုန်တွင် လာမည့်နွေရာသီကာလအတွင်း အများပြည်သူထံ ၂၄ နာရီ အချိန်ပြည့် လျှပ်စစ်မီး ဖြန့်ဖြူးပေးမည်ဟု စစ်ကော်မရှင်က ထုတ်ပြန်ထားသော်လည်း လက်ရှိတွင် မီးပုံမှန်မရရှိဘဲ မီတာခ နှုန်းထားများသာ သိသိသာသာ မြင့်တက်နေကြောင်း သိရသည်။
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲကာလအတွင်း လျှပ်စစ်မီးပြတ်တောက်မှု လျော့နည်း သွားပြီး မီးပိုရလာချိန်တွင် လျှပ်စစ်ပစ္စည်းများကို ပုံမှန်အတိုင်း အသုံးပြုသော်လည်း မီတာခကျသင့် ငွေမှာ ယခင်ကထက် နှစ်ဆခန့် မြင့်တက်လာကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။
“အိမ်မှာ ပုံမှန်ပဲသုံးတာ၊ လတိုင်း မီတာခတက်လာတယ်။ အရင်က နှစ်သောင်းကျော်လောက်ပဲ ကျတာ၊ အခု လေးသောင်းကျော် ဖြစ်နေပြီ။ အဲယားကွန်းလည်း မသုံးဘူး။ ပုံမှန် ထမင်းချက်၊ ရေတင်၊ ရေခဲသေတ္တာနဲ့ မီးသုံးတာပဲရှိတာ။ အခု နှစ်လဆက်တိုက် လေးသောင်းကျော်နေပြီ။ တခြားသူတွေလည်း မီတာခ တိုးတယ်လို့ ပြောနေကြတယ်” ဟု မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ဧရာ၀တီတိုင်းမ် ကို ပြောသည်။

ထို့ပြင်စစ်ကော်မရှင်၏လျှပ်စစ်မီး သုံးစွဲခြင်းမရှိဘဲ ဆိုလာတပ်ထားသည့်နေအိမ်များတွင်လည်း လျှပ်စစ် မီတာခ ကျသင့်ငွေ သောင်းဂဏန်းအထိ ပြသနေခြင်းများရှိကြောင်း သိရသည်။
လာမည့်နွေရာသီတွင် စက်မှုဇုန်များသို့ ပေးထားသည့် လျှပ်စစ်မီးလမ်းကြောင်းများကို အများပြည်သူထံ ခွဲဝေပေးမည်ဖြစ်၍ ၂၄ နာရီ မီးရရှိမည်ဖြစ်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။ လက်ရှိတွင် သာကေတနှင့် သန်လျင်ရှိ LNG သုံး ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ် ၅၀၀ မဂ္ဂါဝပ် ထုတ်လုပ်နေပြီး ယခုဖေဖော်ဝါရီလအတွင်း LNG ဓာတ်ငွေ့ရည်သင်္ဘော ထပ်မံရောက်ရှိမည်ဟု ဆိုသည်။
သို့သော် စက်မှုဇုန်နှင့် စီးပွားရေးလုပ်ငန်းများကို လျှပ်စစ်တစ်ယူနစ်လျှင် ၉၀၀ ကျပ်နှုန်းဖြင့် တိုးမြှင့် ကောက်ခံသွားမည်ဖြစ်ရာ အဆိုပါကုန်ကျစရိတ်ကြောင့် ကုန်ထုတ်လုပ်မှုစရိတ်များ မြင့်တက်လာပြီး အခြေခံကုန်ပစ္စည်းဈေးနှုန်းများ ထပ်မံကြီးမြင့်လာနိုင်ကြောင်း စီးပွားရေးလေ့လာသူများ က သုံးသပ် ကြသည်။
လက်ရှိ LNG သုံးဓာတ်အားပေးစက်ရုံက ထုတ်လုပ်သည့်လျှပ်စစ်ဓာတ်အားများကို တိုက်ရိုက်လိုင်းများ ဖြင့်မီးပေးထားရသည့် စက်မှုဇုန်၊ အထူးစီးပွားရေးဇုန်နှင့် စက်မှုစီးပွားရေးလုပ်ငန်းများထံ ၂၄ နာရီဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်