‎‎ဧရာဝတီတိုင်းမ်
‎ဖေဖော်ဝါရီ ၁၉ ရက်

‎တိုက်ပွဲဖြစ်ပွားနေသည့် ကျောက်ဖြူတွင် စစ်ကော်မရှင်က လက်လွှတ်နယ်မြေများကို ပြန်လည်ထိန်းချုပ်ရန် ဆက်တိုက် စစ်ကြောင်းထိုးနေကြောင်း သိရသည်။

‎သိုင်းချောင်းဆည်ဘက်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ရက်နေ့တွင် စစ်ကော်မရှင်၏ အင်အား ၇၀ပါစစ်ကြောင်းတစ်ခု စစ်ကြောင်းထိုးတက်လာရာ AA၏ကြားဖြတ်တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင်တချို့သေဆုံးပြီး လက်နက်များကို AAက သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

‎”တိုက်ပွဲအတွင်း စစ်တပ်က ၁၀ယောက်လောက်သေတယ်ပြောပါတယ်။ မြို့နားကို တော့ မင်းပြင် ရေဒါစခန်းမှာ ဝါဒဖြန့်ဓာတ်ပုံရိုက်တုန်း အစုလိုက်သေပြီးကတည်းက တပ်တွေပြန်ပြီးနေရာယူလာတာရှိတယ်လေ စစ်ဆိုင်နေတယ်ပေါ့” ဟုကျောက်ဖြူသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎စစ်ကော်မရှင်နှင့် AAတပ်ဖွဲ့များမှာ ကျောက်ဖြူ လမ်းကွဲတွင် စစ်ရေးပြင်းထန်နေပြီး ဓညဝတီရေတပ်ဌာနချုပ် တောင်ဘက်ရှိ ဦးကင်းနှင့် ထောင့်ချောင်းတို့တွင် စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်ကို AAက ပြောက်ကျားစနစ်ဖြင့်တိုက်ခိုက်နေကြောင်း သိရသည်။

‎လက်ရှိအနေအထားတွင် စစ်ကော်မရှင်က ခြေကုတ်စခန်းနေရာများမှ စစ်ကြောင်းထိုးနိုင်ရန် စောင့်ကြည့်နေပြီး AAကလည်း တိုက်ခိုက်ရန် ခုခံစစ်ပြင်ဆင်သည့်အနေအထားဖြင့် ကျောက်ဖြူမြို့ တောင်ဘက် ၁၀- ၁၁မိုင်အကွာတွင် စစ်ဆိုင်နေကြောင်း Little rabbit ထံမှ သိရသည်။

‎AAနှင့် ဦးတည်တိုက်ပွဲများမှာ ရေတပ်ဌာနချုပ်နှင့်နီးကပ်လာချိန်တွင် စစ်ကော်မရှင်က တပ်ဖွဲ့ဝင်အချို့ကို နောက်တန်းပြန်ပို့ပြီး ရန်ကုန်တွင် ကြိုဆိုပွဲများပြုလုပ်ထားသည်။

‎ကျောက်ဖြူတွင် စစ်ကော်မရှင်က ဌာနချုပ်ပါပေးလိုက်ရသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) မှတပ်ပျက်လာသည့် တပ်ရင်းများ၊ တပ်မ ၁၁တပ်မမှူးဦးစီးသည့် တပ်ရင်း ခုနှစ်ရင်းမှ တပ်ဖွဲ့ဝင်များကို အသုတ်လိုက်ပို့လွှတ်ထားသည်။

‎ထို့အပြင် ရှမ်းမြောက်၊ နောင်ချို၊ တောင်ခမ်းမှပြန်လာသည့် တပ်ရင်းများကိုလည်း ရန်ကုန်တွင် ခေါ်ယူ အသစ်စုဖွဲ့ပြီး ကျောက်ဖြူကို ရေကြောင်း၊ လေကြောင်းမှ ပို့ဆောင်ထားသည်။

‎ကျောက်ဖြူတိုက်ပွဲအခြေအနေကြောင့် စစ်တွေမှ တိုင်းမှူး လာရောက်ကြီးကြပ်မှုများပြုလုပ်စဉ်တွင် စစ်ကြောင်းများခွဲ၍ စစ်ကြောင်းထိုးပြီး ပါရာမော်တာ၊ လေယာဉ်၊ ဂျက်ဖိုက်တာ၊ ဒရုန်းတို့ဖြင့် အပြင်းအထန် စစ်ဆင်ခဲ့သေးသည်။

ယခုရက်ပိုင်းအတွင်း စစ်‌ကော်မရှင်က နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်ခြင်းနှင့် နေဗီများမှ လက်နက်ကြီးများဖြင့် ကျောက်ဖြူရှိ မင်းပြင်၊ ကျောက်ပြောက်၊ ဝမြောင်၊ ငါးအုပ်ကျေးရွာတို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဓာတ်ပုံ- AAတပ်ဖွဲဝင်များ (ပုံဟောင်း)