ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၉ ရက်

ဘဏ်များမှ ချေးငွေနှင့် ငွေသားများ ထုတ်ယူကာ အိမ်ခြံမြေ၊ ရွှေနှင့် ဒေါ်လာဈေးကွက်အတွင်း ဈေးကစားမှုများ မဖြစ်စေရန်ဟူသော အကြောင်းပြချက်ဖြင့် ယခုရက်ပိုင်းအတွင်း ဘဏ်များမှ ငွေသားထုတ်ယူမှုကို စစ်ကော်မရှင်က ပြန်လည်တင်းကျပ်နေပြီး ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေကိုလည်း အသစ်ပြင်ဆင်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) ၏ သတ်မှတ်ချက်များကို လိုက်နာရန် အတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအား အသစ်ပြင်ဆင်နေကြောင်း စစ်ကော်မရှင် လက်အောက်ခံ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားထားသည်။

ယခုတစ်ပတ်အတွင်း ဘဏ်များမှ ငွေသားထုတ်ရာတွင် ကန့်သတ်ချက်များရှိကာ ရိုးရိုးဘဏ်စာအုပ်မှ တစ်ပတ်လျှင် ကျပ်ငွေ သိန်း ၅၀ သာထုတ်ယူခွင့်ရှိပြီး special account ဘဏ်စာအုပ်မှ တစ်ရက်လျှင် ကျပ် သိန်း ၅၀ ကျပ်ထုတ်ယူနိုင်သည်။ ထို့ပြင် ကုမ္ပဏီလုပ်ငန်းအကောင့်စာအုပ်မှ တစ်ရက်လျှင် ကျပ် သိန်း ၂၀၀ သာ ထုတ်ယူနိုင်ကြောင်း အသေးစားငွေကြေးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ယခင်လများက ရိုးရိုးဘဏ်စာအုပ်မှ တစ်ပတ်လျှင် ကျပ်သိန်း ၂၀၀ ထုတ်ယူနိုင်ပြီး special account မှ တစ်ရက်လျှင် ကျပ်သိန်း ၂၀၀ နေ့တိုင်းထုတ်ယူနိုင်သော်လည်း ယခုရက်ပိုင်းတွင် ငွေသားထုတ်ယူမှုကို ပိုမို တင်းကျပ်လာခြင်းဖြစ်သည်။

“ရုံးခြောက်ရက်ပိတ်ပြီးမှပြန်ဖွင့်တော့ ဘဏ်မှာလူများတယ်။ ဘဏ်ထဲလူမဆန့်လို့ ဘဏ်ရှေ့မှာ တောင်အများကြီး စောင့်နေရတာရှိတယ်။ ငွေအသွင်း၊အထုတ်အမြဲရှိတဲ့ ကုမ္ပဏီမလို့ ဝန်ထမ်းတွေနဲ့ပါ ဘဏ်အကောင့်ခွဲတွေ လုပ်ထားရတယ်။ အဲဒါမှလိုအပ်တဲ့ ငွေများများထုတ်လို့ရတာ”ဟု အသေးစား ငွေကြေးလုပ်ငန်းလုပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ်မှငွေထုတ်ရာတွင် ကိုယ်ရေးအချက်အလက်များကို အသေးစိတ် ဖြည့်စွက်ရခြင်း၊ ATM ကတ်များကို အလွယ်တကူ ပြုလုပ် ကိုင်ဆောင်ခွင့်မပေးခြင်း တို့ကြောင့် ပြည်သူများအနေဖြင့် အခက်အခဲများစွာ ဖြစ်ပေါ်လျက်ရှိသည်။

“အရင်က ATM ကတ်ရဖို့က မှတ်ပုံတင်နဲ့ ကတ်ဖိုးပေးရင် ရတယ်။ အခုက Special Account ဖွင့်မှ ATM လုပ်ပေးတာမျိုး ကန့်သတ်ထားတယ်။ အင်တာနက်လိုင်းတွေကလည်း မကောင်းတော့ ဆိုင်တိုင်းက Digital စနစ်နဲ့ ငွေပေးချေလို့မရဘူး။ အဲ့တော့ ငွေသားသုံးစွဲရတာကအစ အတော်ခက်ခဲနေတာ” ဟု ရန်ကုန်မြို့ခံ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ဆိုသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ ပြည်တွင်းဘဏ်များ၏ ဝန်ဆောင်မှု တင်းကျပ်လာခြင်း ကြောင့် ပြည်သူများသည် ငွေသားရယူရန် ရာခိုင်နှုန်းပေး၍ လဲလှယ်ရခြင်းနှင့် မီးခံသေတ္တာများဖြင့်သာ ငွေသားသိမ်းဆည်းရခြင်း စသည့် အခက်အခဲများစွာကို ရင်ဆိုင်နေကြရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်