ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ ဖေဖော်ဝါရီ ၁၉ ရက်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ အမျိုးသမီးတစ်ဦးအား အသက်သေဆုံးသည်အထိ ရိုက်နှက်ခဲ့သည့် စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ဝင်များကို ရဲစခန်းက အရေးယူခြင်း မရှိဘဲ ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကံပေါက်ဒေသ၊ သဲချောင်းကျေးရွာအုပ်စု၊ သဘွတ်ချောင်းရွာမှ စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူး ဦးစုငယ် (ခ) နောင်ကြီးနှင့် ပျူစောထီးအဖွဲ့ဝင်များသည် ပြီးခြ့သည့် ဖေဖော်ဝါရီလ ၁၃ ရက် နံနက်ပိုင်း က အသက် (၃၅) နှစ်အရွယ် မခိုင်ကို ရွှေခိုးသည်ဟု စွပ်စွဲကာ သေဆုံးသည်အထိ ဝိုင်းဝန်းရိုက်နှက် ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ အုပ်ချုပ်ရေးမှူး နောင်ကြီးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ကံပေါက်နယ်မြေရဲစခန်းက ခေါ်ယူစစ်ဆေးခဲ့သော်လည်း ထိရောက်စွာ အရေးယူခြင်းမရှိဘဲ “နောက်နောင် ဤသို့မဖြစ်စေရ” ဟူသော ခံဝန်ချက်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။

“နောင်ကြီးကို ရဲစခန်းက ခေါ်စစ်တယ်။ သူက နောက်ဒီလိုမလုပ်တော့ဘူးလို့ ခံဝန်ထိုးခဲ့တာနဲ့တင် အရေးယူမှုမရှိဘဲ လွှတ်ပေးလိုက်တာပဲ” ဟု ပျူစောထီးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသို့ လူသေဆုံးသည်အထိ ရိုက်နှက်ခဲ့သည့် အုပ်ချုပ်ရေးမှူး နှင့် ပျူစောထီးအဖွဲ့ဝင်များကို အရေးယူမှုမရှိဘဲ ခံဝန်ဖြင့် ပြန်လွှတ်ပေးလိုက်ခြင်းကြောင့် သဘွတ်ချောင်းရွာ ဒေသခံများအနေဖြင့် စိုးရိမ်မှုများရှိနေကြောင်း သိရသည်။

“အရေးမယူဘဲ ငွေပေးပြီး ခံဝန်နဲ့ လွှတ်ပေးလိုက်တာ အဓိပ္ပာယ်မရှိဘူး။ သူ့လက်ချက်နဲ့ သေတာ ဒါနဲ့ဆို နှစ်ယောက်ရှိပြီ။ မသေဘဲ နှိပ်စက်ခံရသူတွေလည်း အများကြီးပဲ။ ကျူးလွန်တဲ့ ပြစ်မှုအတွက် ပြစ်ဒဏ်ခံရမယ့်အစား အခုလို လွတ်နေတော့ နောက်ထပ်လည်း ဒီလိုတွေဖြစ်မှာကို အရမ်းစိုးရိမ်တယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

အုပ်ချုပ်ရေးမှူး ဦးစုငယ် (ခ) နောင်ကြီးသည် ပျူစောထီးခေါင်းဆောင်လည်းဖြစ်ပြီး ၎င်း၏အဖွဲ့ကို စစ်ကော် မရှင်က လက်နက်များ တပ်ဆင်ပေးထားကာ လက်ရှိတွင် သဘွတ်ချောင်းရွာ၌ ပျူစောထီး အင်အား ၁၅ ဦးခန့်ရှိကြောင်း သိရသည်။

ဓာတ်ပုံ ၊ ဧရာဝတီတိုင်းမ်
ပုံစာ ၊စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးလည်း ဖြစ် ၊ပျူစောထီးခေါင်းဆောင်လည်းဖြစ်သူ ဦးစုငယ် (ခ) နောင်ကြီး။