ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၉ ရက်

 

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် လာမည့်နှစ်ရက်အတွင်း တိုင်းနှင့်ပြည်နယ်အချို့၌ အချိန်အခါမဟုတ် မိုးအနည်းငယ် ထစ်ချုန်းရွာသွန်း နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် သတိပေးနှိုးဆော်ထားသည်။

 

မိုးရွာသွန်းနိုင်သည့် ဒေသများအဖြစ် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းနှင့် ကရင်နီ (ကယား)၊ ကရင်၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ကြောင်း ခန့်မှန်းထားသည်။

ပင်လယ်ပြင် အခြေအနေနှင့် ပတ်သက်၍ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ပြီး လှိုင်းအမြင့်မှာ ၄ ပေမှ ၆ ပေခန့်အထိ ရှိနိုင်ကြောင်းလည်း မိုး/ဇလက ထုတ်ပြန်ထားသည်။

 

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက် – အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း သီရိလင်္ကာနိုင်ငံဘက်သို့ ဦးတည်ကာ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့တွင် ပိုမိုအားကောင်းလာနိုင်ကြောင်း မိုး/ဇလက ဆိုသည်။

ဓာတ်ပုံ – မိုး/ဇလ၊ ဧရာဝတီတိုင်းမ်