ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၉ ရက်

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအလွန် နိုင်ငံတကာနဲ့ ပြန်ပြီးအဆက်အသွယ်ရဖို့နဲ့ အာဆီယံမှာ ပြန်ပြီး နေရာရလာဖို့အတွက် ထိုင်းနိုင်ငံက ကြားထဲကနေ ပေါင်းကူးတံတားတစ်ခုလို ပိုပြီးတက်တက်ကြွကြွ ကူညီပေးဖို့ ပြင်ဆင်နေပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်တကြီး ထောက်ပြနေတဲ့ အချက်တွေကို လည်း ထိထိရောက်ရောက် တုံ့ပြန်ဖြေရှင်းပေးဖို့ ထိုင်းက မြန်မာစစ်အုပ်စုကို တိုက်တွန်းထားပါတယ်။

ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်က ထိုင်းနိုင်ငံဟာ မြန်မာနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး မြန်မာ့အရေးကြောင့် တိုက်ရိုက်သက်ရောက်မှုခံနေရတဲ့ ရှေ့တန်းနိုင်ငံဖြစ်တာနဲ့အညီ မြန်မာနိုင်ငံကို တစ် ဆင့်ချင်းစီ ပြန်ပြီးထိတွေ့ဆက်ဆံသွားဖို့ မူဝါဒချမှတ်ထားတယ်လို့ ဆိုပါတယ်။

အဓိက ရည်ရွယ်ချက်က မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ထဲမှာ ပြန်ပြီး အပြည့်အဝပါဝင်လာအောင် ဆွဲခေါ်ဖို့ပဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“ထိုင်းနိုင်ငံအနေနဲ့ မြန်မာနဲ့ အာဆီယံကြားမှာ ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်ပေးပြီး အာဆီယံ မိသားစုထဲ ပြန်ဝင်နိုင်အောင် ကူညီပေးမယ်။ မြန်မာကလည်း အာဆီယံနဲ့ နိုင်ငံတကာက စိုးရိမ်နေတဲ့ အချက်တွေကို တုံ့ပြန်ဖြေရှင်းပေးခြင်းအားဖြင့် ကျွန်တော်တို့ကို ပြန်ပြီး ကူညီရပါလိမ့်မယ်” လို့ သူက ဆိုပါတယ်။

ထိုင်းအစိုးရအနေနဲ့ မြန်မာကို လက်တွေ့ကျကျ တိုးတက်မှုတွေရှိလာအောင် လုပ်ပြဖို့ တောင်းဆို ထားတယ်လို့ သူက ပြောပါတယ်။

အဲဒီအချက်တွေထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးမှုတွေ စတင်ဖို့၊ အကူအညီ လိုအပ်နေတဲ့ ပြည်သူတွေထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပိုပြီးရောက်ရှိခွင့် ပေးဖို့နဲ့ အရပ်သားတွေကို တိုက်ခိုက်တာမျိုး မလုပ်ဖို့တွေ ပါဝင်တယ်လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ်တာကာလပတ်လုံးမှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်နဲ့ ပတ်သက်ပြီး မြန် မာက ၂၀၂၁ ခုနှစ်မှာ သဘောတူထားခဲ့ပေမဲ့ တကယ်တမ်း အနှစ်သာရရှိရှိ အကောင်အထည်ဖော်တာမျိုး အတော်လေးကို နည်းပါးခဲ့တယ်လို့ သူက ထောက်ပြခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲဟာ မြန်မာနိုင်ငံမှာ မကြာသေးခင်ကမှ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲအပြီး ထိုင်း-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ရှေ့ဆက် ဘယ်လိုသွားကြမလဲဆိုတာကို တရားဝင်မဟုတ်ဘဲ အလွတ်သဘော ဆွေးနွေးခဲ့ကြတာလို့ ဆီဟာဆတ်က ပြောပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံဘက်ကနေ အရင်းခံပြီး ဖြစ်ပေါ်လာတဲ့ နယ်စပ်ဖြတ်ကျော် ရာဇ ဝတ်မှုတွေ၊ အွန်လိုင်းငွေလိမ်ဂိုဏ်းကွန်ရက်တွေ၊ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတွေနဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေ ကြောင့် ဖြစ်လာတဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ စတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သူက ဆိုပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဆီဟာဆတ် နဲ့စစ်ကော်မရှင်နိုင်ငံခြားရေး ဝန်ကြီးဦးသန်းဆွေတို့ဟာ ယမန်နေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ထိုင်းနိုင်ငံ ဖူးခတ်မြို့မှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

ကိုးကား – Bangkok Post
Ref; Thailand ready to help post-poll Myanmar