ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၈ ရက်

BNRA အဖွဲ့ခေါင်းဆောင် နဂါး (ခ) နိုင်လင်းသည် စစ်ကော်မရှင်နှင့် ပူးပေါင်းသွားပြီဖြစ်သည့်အတွက် ပုလဲနယ်နှင့် စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ၊ ၎င်းနှင့် ဆက်နွယ်ခဲ့သူများ အရေးပေါ် ရွှေ့ပြောင်းတိမ်းရှောင်မှုများ ပြုလုပ်ရန် လိုအပ်လာကြောင်း သိရသည်။

နဂါး သိရှိထားသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ တည်နေရာများ၊ ထောက်ပို့တပ်ဖွဲ့များ၊ ကင်းစခန်း များနှင့် ထောက်ပို့လမ်းကြောင်း တာဝန်ခံများသည် စစ်ကော်မရှင်၏ ယခုညတွင်းချင်း စစ်ရေးလှုပ်ရှား လာနိုင်သည့် အခြေအနေများအပေါ် အထူးစိုးရိမ်လျက်ရှိကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

“နဂါးနဲ့ တိုက်ပွဲဖြစ်ပြီး နောက်တစ်ရက်မှာ စစ်ကြောင်းထိုးဝင်လာတယ်။ သူ လေယာဉ်နဲ့ ပါသွားပြီလို့ သတင်းကြားပြီးတာနဲ့ လေကြောင်းကနေ လာကြဲတယ်။ တပ်ဖွဲ့တွေအတွက် ညတွင်းချင်း လုံခြုံအောင် စီမံဖို့ လိုအပ်လာပြီ။ လုံခြုံရေးအတွက် အများကြီး စိုးရိမ်နေရတယ်” ဟု စစ်ကိုင်းတိုင်းအတွင်းမှ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်နဂါးအဖွဲ့ကို အရေးယူရန် ချဉ်းကပ်လာချိန်တွင် စစ်ကော်မရှင်နှင့် အပေးအယူရှိနေသည့် နဂါးက လေကြောင်းပစ်ကူ ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ စစ်ကော်မ ရှင်ထံသို့ လေယာဉ်ဖြင့် လိုက်ပါသွားပြီး ပူးပေါင်းလိုက်ခြင်းမှာ တော်လှန်ရေးရဲဘော်များအတွက် ကြီးမားသော အန္တရာယ်ရှိလာကြောင်း တပ်ဖွဲ့အသီးသီးရှိ ရဲဘော်များနှင့်တာဝန်ရှိသူအချို့က ဆိုသည်။

NUG နှင့် ညှိနှိုင်းမှုကို လက်မခံဘဲ တိုက်ပွဲစတင်ခဲ့သည့် နဂါး (ခ) နိုင်လင်းသည် တော်လှန်ရေးအဖွဲ့များ၏ တည်နေရာနှင့် လျှို့ဝှက်ချက်များကို စစ်ကော်မရှင်ထံ သတင်းပေးနိုင်သဖြင့် ရှေ့ဆက်၍ စစ်ကြောင်းထိုး မှုနှင့် လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များကို ပိုမိုရင်ဆိုင်ရဖွယ်ရှိနေသည်။

ထို့ကြောင့် ၎င်းနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ဖူးသည့် ပြည်တွင်းနေထိုင်သူများနှင့် တော်လှန်ရေးအင်အားစု များအနေဖြင့် အရေးပေါ် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် တော်လှန်ရေးတပ်ဖွဲ့ဝင်များက သတိပေး ပြောကြားလာခြင်းဖြစ်သည်။

ပုံစာ-ခါးကြားတွင်သေနတ်ထိုးကာစစ်ကော်မရှင်တပ်နှင့်ပူးပေါင်းသွားသည့် ဗိုလ်နဂါးအားတွေ့ရစဉ်။