နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၈ ရက်
ရာဇဝတ်မှုကျူးလွန်သူများကို ဖမ်းဆီးနိုင်ရေးအတွက် ဗိုလ်နဂါးဦးဆောင်သော ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) မှ ဖမ်းဆီးရမိ ပူးပေါင်းသူ ၁၅၀ ဦးထက်မနည်းရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံမှ သိရသည်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း လူသတ်မှု၊ မုဒိမ်းမှုအပါအဝင် အမှုပေါင်း (၁၀) မှုကျော်အတွက် ကျူးလွန်ထားသည့် BNRA ခေါင်းဆောင်နှင့် တပ်ဖွဲ့ဝင်များကို ဖမ်းဆီးနိုင်ရန် ဖေဖော်ဝါရီ ၁၇ ရက်တွင် NUG လက်အောက်ခံတပ်များက ဝင်ရောက်စီးနင်းခဲ့ရာမှ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယနေ့ ဖေဖေါ်ဝါရီ ၁၈ ရက်ညပိုင်းတွင် NUG အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး အမှုအချို့ကို ဖော်ပြထားသည်။
“စစ်အာဏာရှင်စနစ် အမြစ်ဖြတ်နိုင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် တနိုင်ငံလုံးက တိုက်ပွဲပေါင်းများစွာမှာ PDF သောင်းနဲ့ချီ ဖြန့်ကျက်ပြီး ပူးပေါင်းတိုက်ပွဲ ဝင်နေကြပါတယ်။ စကစကိုသုံးတဲ့ အင်အားထက် ပိုသာပြီးသုံးနေတယ်လို့ ပြောတဲ့သူတွေက လေ့လာမှုအား အတော်နည်းလို့ ဖြစ်ပါလိမ့်မယ်” ဟု ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလားတူ BNRA တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးကလည်း ၎င်းတို့၏ ဂိတ်စခန်းများကို လက်နက်ကြီး၊ ဒရုန်းဗုံးသီးများဖြင့် စတင်၍ NUG တပ်ရင်းများမှ တိုက်ခိုက်သလို မဟာမိတ် GZA စခန်းတစ်ခုအား ဝင်ရောက်စီးနင်းသွားကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ဖော်ပြကာ ယင်းနောက် စစ်ကော်မရှင်ထံသို့ မိသားစုဝင်များနှင့်အတူ အညံ့ခံသွားကြောင်း သိရသည်။
လက်ရှိတွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားမှုများကြောင့် ဗိုလ်နဂါးတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံး၍ နေရာပြောင်းရွှေ့ တပ်ဆုတ်ခွာခဲ့ရပြီး လက်နက်များနှင့်တကွ ဖမ်းဆီးရမိ၊ ပူးပေါင်းလာသူ BNRA တပ်ဖွဲ့ဝင် ၁၅၀ ဦးထက်မနည်း ရှိလာကာ ကျန်ရှိသူများအနေဖြင့်လည်း အသာတကြည် ပူးပေါင်းကြရန် NUG က ယနေ့ညပိုင်း၌ တိုက်တွန်းထုတ်ပြန်လာသည်။
NUG အနေဖြင့် စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အမြစ်ဖြတ်နိုင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့ကို ရည်မျှော်လျက် စိုးမိုးထိန်းချုပ် နယ်မြေများတွင် အုပ်ချုပ်ရေးစနစ် ထူထောင်ခြင်း၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ခြင်းတို့အား တာဝန်အရ ဥပဒေနှင့်အညီ ဆက်လက်ကိုင်တွယ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ဖော်ပြထားသည်။
ထို့အပြင် ယခုဖြစ်စဉ်နှင့် ပတ်သက်သည့် နောက်ဆက်တွဲ ထုတ်ပြန်မှုများကိုလည်း လိုအပ်သလို ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း NUG ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်၏ လက်မှတ်ရေးထိုး ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ- လူမှုကွန်ရက်
#ဗိုလ်နဂါး# စစ်တပ်နဲ့ပူးပေါင်း#အင်အား၁၅၀ခန့်ပူးပေါင်းဖမ်းဆီးမိ#NUG
#Ayeyarwaddy_Times