ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၈ ရက်

 

NUG နှင့် တိုက်ပွဲဖြစ်ပြီး ထွက်ပြေးနေသည့် BNRA ခေါင်းဆောင် ဗိုလ်နဂါးကိုစစ်ကော်မရှင်က ရဟတ်ယာဉ်များဖြင့် ကယ်ထုတ်သွားကြောင်း သိရသည်။

 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့၊ သေတ္တရာရွာကို စစ်ကြောင်းထိုးဝင်လာသည့် စစ်ကော်မရှင်တပ်က ဗိုလ်နဂါးနှင့် မိသားစုဝင်များအပြင် BNRA တပ်ဖွဲ့ဝင်အချို့ကိုပါ ရဟတ် ယာဉ်နှစ်စင်းနှင့် ယနေ့ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညနေပိုင်းတွင် ခေါ်ထုတ်သွားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

 

“နဂါးကိုဝိုင်းမိထားတယ်ဆိုတဲ့အချိန်မှာပဲ စစ်တပ်က ရဟတ်ယာဉ်နဲ့ လာခေါ်ထုတ်သွားတာ”ဟု သတင်းရင်း မြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့က လူသတ်မှု၊ မုဒိမ်းမှုများစွာ ကျူးလွန်ထားသည့် ဗိုလါနဂါးနှင့် BNRA တပ်ဖွဲ့များကို NUG က အပြစ်ဝန်ခံရန်အတွက် စခန်းကို ဖြန့်ကျက်နေရာယူချိန်တွင် ဗိုလ်နဂါးဘက်မှ စတင်တိုက်ခိုက်သည့်အတွက် စတင်တိုက်ပွဲဖြစ်ပွားခဲ့သည်။

 

ထိုသို့တိုက်ပွဲဖြစ်ပွားစဉ် ဗိုလ်နဂါးက စစ်ကော်မရှင်ကို လေကြောင်းပစ်ကူပေးရန် အကူအညီတောင်းခဲ့သည့် အတွက် စစ်ကော်မရှင်က လေကြောင်းပစ်ကူပေးခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် စစ်ကြောင်းထိုးဝင်ရောက်သည့် လုပ်ရပ်များကိုပါ လုပ်ဆောင်နိုင်ခဲ့သည်။

 

တိုက်ပွဲဖြစ်နေစဉ် ဗိုလ်နဂါးက လူမှုကွန်ရက် အသုံးမပြတ်ဘဲ ၎င်းကို NUG က အင်အားအလွန်အကျွံသုံး ဒရုန်းနှင့် လက်နက်ကြီးများပါ ပစ်ခတ်သည်ဟု လူမှုကွန်ရက်တွင် ဆက်တိုက်နေခဲ့သည်။

 

ယနေ့ ညနေပိုင်းတွင်မူ စစ်တပ်နှင့် ပူးပေါင်းကာ မိသားစုများကိုပါ ခေါ်ယူ၍ ရဟတ်ယာဉ်ဖြင့် လိုက်ပါသွားခဲ့ခြင်းဖြစါသည်ဟု တော်လှန်ရေးတပ်ဖွဲ့များက အတည်ပြုသည်။

 

အဆိုပါ လေယာဉ်နှစ်စင်းမှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် မုံရွာနမခမှ တက်လာသည့် Mi 17 သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် နှစ်စီး ပုလဲဘောလုံးကွင်းသို့ ရပ်နားပြီး ဗိုလ်နဂါးနှင့် မိသားစုဝင်များ လူရင်းနောက်ပါအချို့ လိုက်ပါသွားကြောင်း သိရသည်။