‎ဧရာဝတီတိုင်းမ်
‎ဖေဖော်ဝါရီ ၁၈ ရက်

‎မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်တွင် စစ်ကော်မရှင်နှင့် AAပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကော်မရှင်၏ အမြောက်တပ်များမှ ပစ်ကူပေးနေကြောင်း သိရသည်။

‎ဆုံကုန်းအခြေစိုက် အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မစခ ၉၀၅ နှင့် အမြောက်တပ် အမတ ၄၀၉မှ နတ်ရေကန်ဘက်ကို လက်နက်ကြီးများဖြင့် ပစ်ကူပေးနေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

‎”နတ်ရေကန် ကမ္ဘာလုံးစခန်းဘက် တိုက်ပွဲပြန်ရှိနေပုံရတယ်။ အမြောက်တပ်က ဆက်တိုက်ပစ်နေတယ်။ ပြီးတော့ ဒရုန်းတွေလည်းတက်တယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

‎ပဒါန်းဘက်မှ စစ်ကော်မရှင်၏ အင်အားအပြည့်ပါ ကားသုံးစီး မစခ ၉၀၅အတွင်းဝင်ရောက်လာပြီး ယမန်နေ့ ဖေဖော်ဝါရီ ၁၇ရက် နေ့လယ်ပိုင်းတွင် ဇင်ပြွန်းရွာမှတဆင့် ရိုးပေါ်ကို ဆက်လက်တက်သွားကြောင်း သိရသည်။

‎စစ်ကော်မရှင်က အရပ်သုံးယာဉ်သုံး၍ ခဲယမ်းများတင်ဆောင်လာသည့် ကားတစ်စီးမှာလည်း စာတက်တူမှ လမ်းဟောင်းအတိုင်း နတ်ရေကန်ကို ပိုဆောင်နေခြင်းဖြစ်သည်။

‎တိုက်ပွဲမဖြစ်ပွားမီ ဖေဖော်ဝါရီ ဒုတိယပတ်အတွင်းက မစခ ၉၀၅မှ ဒရုန်းများဖြင့် လမ်းသစ်၊ လမ်းဟောင်း နှစ်လမ်းလုံးကို ကင်းထောက်မှုများရှိခဲ့ပြီး စစ်ကူများကို အမြောက်တပ်အတွင်း စုစည်းနေကြောင်း သိရသည်။

ဓာတ်ပုံ-AAတပ်ဖွဲ့ဝင်များ (ပုံဟောင်း)