ဧရာဝတီတိုင်းမ်
‎ဖေဖော်ဝါရီ ၁၈ ရက်


ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ မြောက်စမ်း အမြောက်တပ်အနီး စစ်ကော်မရှင်နှင့် အာရက္ခတပ်တော် AAတို့ တိုက်ပွဲပြန်လည်ဖြစ်ပွားနေကြောင်း သိရသည်။

အမြောက်တပ် ၃၄၄ရှိရာ မြောက်စမ်းနှင့် သီတာကုန်းပြင်ဒေသတို့တွင် ယခု ဖေဖော်ဝါရီ တတိယပတ်မှစတင်ကာ တိုက်ပွဲများပြန်လည်ပြင်းထန်လာကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

“မြောက်စမ်းနဲ့ သီတာကုန်းပြင်မှာ တိုက်ပွဲဖြစ်နေတာပါ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို အတည်ပြု ပြောသည်။

မြောက်စမ်းနှင့် သီတာကုန်းပြင်ဒေသမှာ AAတပ်ဖွဲ့များက ထိုးစစ်ဆင်ခဲ့ပြီး အမြောက်တပ် ၃၄၄၏ ဘန်ကာများကို လက်နက်ကြီးများနှင့် ပစ်ခတ်နိုင်သည်အထိ စစ်ဆင်ရေး ကြီးကြီးမားမားပြုလုပ်နိုင်ခဲ့သည့် နေရာဖြစ်သည်။

ကျုံပျော်မှတပ်ရင်းများနှင့် စစ်မှုထမ်းတပ်သားသစ်များကို စစ်ကော်မရှင်က အင်အားဖြည့်တင်းခဲ့ပြီးနောက် အဆုံးအဖြတ်တိုက်ပွဲမျိုးမရှိတော့ဘဲ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုများသာရှိခဲ့သည်။

ရေကြည်နှင့် လေးမျက်နှာတို့တွင် AAက စစ်စခန်းအများစုကို ၂၀၂၅ခု အစောပိုင်းအတွင်းက သိမ်းယူနိုင်ခဲ့သော်လည်း စစ်ကော်မရှင်က မူလခြေကုတ်စခန်းအချို့ကို ပြန်လည်ထိန်းချုပ်လာကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကော်မရှင်က သာပေါင်းမှတဆင့် ဂွကိုစစ်အင်အားအလုံးအရင်းနှင့် ပြန်လည် သိမ်းယူမည်ဖြစ်ကြောင်း စစ်တပ်ထောက်ခံသူများက ဝါဒဖြန့်မှုများပြုလုပ်လာသည်။

သို့သော် သာပေါင်း- သဲဖြူ- မကျည်းဇင်လမ်းရှိ စစ်ကော်မရှင် စခန်း ၃ခုအထိ AAက သိမ်းပိုက်သွားသည့်အတွက် စစ်ကော်မရှင်၏ တပ်ရင်းမှူးနှင့် ဗျူဟာမှူးကို ပြန်လည်ဖမ်းဆီးသည်အထိဖြစ်ခဲ့သည်။