ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၈ ရက်
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ်အတွင်းရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ -၁၆ သို့ စစ်ကော်မရှင်က စစ်ယာဉ်တန်း ၂၀ ဖြင့် အင်အား ၄၀၀ ခန့် ဖြည့်တင်းလာကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း မသုန်ကျေးရွာဘက်သို့ ရောက်ရှိလာသည့် အဆိုပါ စစ်အင်အားများ သည် ကပစ-၁၆ ကို ကာကွယ်ရန် ပို့ဆောင်ခြင်းဖြစ်ပြီး၊ အနီးဆုံး ခံစစ်စခန်းဖြစ်သည့် ပွိုင့် ၂၈၈ ကျောက်တောင်ကုန်းမှနေ၍ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်လျက်ရှိသည်။
“ကပစ ၁၆ အနီးဆုံးစခန်းကနေ လက်နက်ကြီးနဲ့ နေ့တိုင်းပစ်နေတာ။ အနီးနားက အပင်တွေ တောတွေမီးတွေလောင်ပြီး ကောင်းကင်တစ်ခုလုံးပြာမှုန်တွေနဲ့အပြည့်ပဲ”ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
မသုန်ကျေးရွာရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၁၆ နှင့်အနီးဆုံးဖြစ်သည့် ခံစစ်စခန်း ပွိုင့် ၂၈၈ ကျောက်တောင်ကုန်းမှနေ၍ လက်နက်ကြီးများနှင့် နေ့စဉ်ပစ်ခတ်လျက်ရှိသည့်အတွက် အနီးရှိ တောတောင်များ မီးလောင်ကျွမ်းနေကြောင်း သိရသည်။
ကာကွယ်ရေးစက်ရုံကို AA ထိုးစစ်ရောက်ရှိရန် တပ်စခန်း ၃ ခုသာကျန်ရှိတော့သည့်အတွက် စစ်ကော်မ ရှင်က နယ်မြေပေါင်းစုံမှ ထုတ်နုတ်စစ်အင်အားများပို့ဆောင်နေသည့်အပြင် ဥသျှစ်ပင်ကျေူရွာတစ်ဝိုက်ရှိ တလုပ်ပင်၊ ကျွဲရဲ၊ မြေဝါမှန်ကုန်း၊ လယ်တီ၊ သံလယ်ကြီးစသည့်ကျေးရွာများမှ ဒေသခံများကို စစ်မှု ထမ်းရန် ပေါ်တာဆွဲနေကြောင်း သိရသည်။
ပွိုင့် ၆၆၆ စခန်းကုန်းကို အာရက္ခတပ်တော် (AA ) သိမ်းဆည်းလိုက်ပြီးနောက် ရခိုင်ရိုးမအောက်ခြေ သူရဲတန်းကြိုးဝိုင်းအတွင်း နေ့စဉ်နီးပါး တိုက်ပွဲများပြင်းထန်နေသည်။
ပွိုင့် ၆၆၆ စခန်းကုန်းမှနေ၍ AA တပ်များ နောက်ပြန်ဆုတ်ခဲ့ရပြီး စစ်ကော်မရှင်ဘက်မှ တိုက်စစ်ဆင်နိုင်သွားပါက တောင်ကုတ်လမ်းကြောင်း ပွင့်သွားနိုင်သည့်အတွက် နှစ်ဖက်လုံးအတွက် အရေးပါသည့်စစ်ဒေသဇုန်ဖြစ်နေသည်ဟု CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပြောဆိုထားသည်။