ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၈ရက်
ရခိုင်စစ်ဘေးရှောင်စခန်းများမှ ကလေးငယ်များ နို့မှုန့်အာဟာရပြည့်ဝစေရန်အတွက် ကချင်တိုင်းရင်းသူ မော်ဒယ် လုလုအောင်မှ ကျပ်ငွေ သိန်း ၃၀ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းမှုနှင့်ပတ်သက်၍ မော်ဒယ်လုလုအောင်က ”သာလီစွပါ။ တစ်မြေထဲက သွေးချင်းမောင်နှမ တွေအတွက် ခေးကြီးရဲ့ မေတ္တာရေကြည်တပေါက်” ဟု သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် မျှဝေ ဖော်ပြထားသည်။
လုလုအောင်သည် အရွယ်စုံ Arakanese Ladiesအဖွဲ့ကို စစ်ဘေးရှောင်စခန်းများရှိ မွေးကင်းစမှ ၆ လအောက် နို့စို့အရွယ်ကလေးများ နို့အာဟာရပြည့်ဝစေရန်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး စစ်ဘေးရှောင် စခန်းများ ကို မကြာခဏ လှူဒါန်းမှုများပြုလုပ်နေသူဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ၂၀၂၃ မှစတင်သည့် မြို့သိမ်းတိုက်ပွဲများအတွင်း နေရပ်စွန့်ခွာစစ်ဘေးရှောင်များ များပြားလာပြီး ယခုဖြစ်ပွားနေသည့် ကျောက်ဖြူတိုက်ပွဲတွင်လည်း ကျေးရွာအများစုမှ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရသည်။
ထို့အပြင် စစ်ကော်မရှင်က တိုက်ပွဲမရှိတော့သည့် ရခိုင်ပြည်နယ် မြို့နယ်များမှ အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကြောင့် ဒေသခံများမှာ နေရာစုံပြောင်းရွှေ့ ထွက်ပြေးနေရသည်။
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများကြောင့် ရခိုင်ပြည်နယ် အပါအဝင် ကလေးငယ် ၅ သန်းခန့်မှာ ကျောင်းပညာရေးနှင့်ဝေးကွာနေရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထား သည်။
ဓာတ်ပုံ-Lu Lu Aung (လူမှုကွန်ရက်)