ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၈ ရက်

ပြီးခဲ့တဲ့အပတ်မှာကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ တိုင်းပြည်ရဲ့ အကြီးမားဆုံး အတိုက်အခံ ပါတီကို သောင်ပြိုကမ်းပြို အနိုင်ရရှိအောင် ဉီးဆောင်ပြီးနောက် တာရစ်ရာမန်ဟာ အင်္ဂါနေ့မှာ ဘင်္ဂလား ဒေ့ရှ်ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

ကျောင်းသားတွေဉီးဆောင်တဲ့ ဆန္ဒပြပွဲတွေဖြစ်ပွားပြီးနောက် ၂၀၂၄ ခုနှစ်မှာ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာစီနာရဲ့ အစိုးရပြိုလဲပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အင်္ဂါနေ့က အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။

တာရစ်ရာမန်ဉီးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီဟာ လွှတ်တော်အတွင်း အမတ်နေရာ ၃၀၀ အနက် အမတ်နေရာ ၂၀၉ နေရာ အနိုင်ရရှိခဲ့ပါတယ်။

တာရစ်ရာမန်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ကွယ်လွန်သူ ခါလီဒါဇီယာရဲ့ အကြီးဆုံးသား ဖြစ်ပါတယ်။

တာရစ်ရာမန်ဟာ ပြည်ပမှာ ရှောင်တိမ်းခဲ့ရာမှ ဒီဇင်ဘာလအတွင်း ဗြိတိန်နိုင်ငံမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြန်လာခဲ့ပါတယ်။

သူဟာ အတိုက်အခံပါတီကို ရွေးကောက်ပွဲမှာ အနိုင်ရရှိအောင် ဉီးဆောင်ခဲ့ပြီး ယခင်အစိုးရရဲ့ ကွဲ လွဲမှုတွေကို ထောက်ပြခြင်းအားဖြင့် လူထုထောက်ခံမှု ကျယ်ပြန့်စွာ ရရှိခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နိုင်ငံရေးသမားတွေနဲ့ ပြည်သူ့ဝန်ထမ်းတွေကြား အဂတိလိုက်စားမှုတွေ ရှိ နေခဲ့ပြီး ဘွဲ့ရတွေကြား အလုပ်လက်မဲ့မှုဟာ ၁၃ ရာခိုင်နှုန်းကျော် ရှိခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ပြည်သူတွေကြား အထူးသဖြင့် လူငယ်မျိုးဆက်တွေကြား အဂတိလိုက်စားမှုကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ အလုပ်အကိုင်တွေ ဖန်တီးရေး ကြိုးပမ်းဖို့ တောင်းဆိုမှုတွေ မြင့်တက်နေပါတယ်။

ကိုးကား – NHK
Ref; Tarique Rahman sworn in as new prime minister of Bangladesh