ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၈ ရက်
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အမေရိကန်နိုင်ငံသားတစ်ဦး အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားလေးဦးသည် ထိုင်းရဲတပ်ဖွဲ့ထံ ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ကြောင်း ထိုင်းသတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးချက်အရ သေဆုံးသူ အမေရိကန်နိုင်ငံသားမှာ အဖမ်းခံရသည့် မြန်မာနိုင်ငံသား လေး ဦးအနက် တစ်ဦး၏ ညီမဖြစ်သူနှင့် ချစ်သူရည်းစား ဆက်ဆံရေးရှိခဲ့ဖူးပြီးနောက် လမ်းခွဲပြတ်စဲခဲ့သူ ဖြစ်ကြောင်း သိရသည်။
သို့သော်လည်း အဆိုပါ အမေရိကန်နိုင်ငံသားသည် လမ်းခွဲမှုကို ကျေနပ်ခြင်းမရှိဘဲ ဆက်ဆံရေး ပြန်လည်စတင်ရန် အကြိမ်ကြိမ် လိုက်လံနှောင့်ယှက် ကြိုးပမ်းခဲ့ရာမှ မြန်မာအမျိုးသားများနှင့် စကားများရန်ဖြစ်ခြင်းများ ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အမေရိကန်နိုင်ငံသားသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက် ညပိုင်းက မြန်မာနိုင်ငံသားများ အလုပ်လုပ်ကိုင်ရာ နေရာသို့ ဓားတစ်ချောင်း ကိုင်ဆောင်ကာ လာရောက်ခဲ့သဖြင့် နှစ်ဖက် ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုသို့ ခိုက်ရန်ဖြစ်ပွားစဉ် မြန်မာနိုင်ငံသားများဘက်မှ သံပိုက်၊ တုတ်နှင့် ဓားများကို အသုံးပြု၍ ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ခိုက်ရန်ဖြစ်ပွားမှုကြောင့် အမေရိကန်နိုင်ငံသားတွင် ဓားဒဏ်ရာငါး ချက်နှင့် ခြေထောက်ကျိုး ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ပြီး မြန်မာနိုင်ငံသားတစ်ဦးလည်း ဓားဒဏ်ရာ ရရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားထားသည်။
လက်ရှိတွင် အဆိုပါ မြန်မာနိုင်ငံသား လေးဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေနှင့်အညီ ဆက်လက်အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုးကား – Bangkok Post