နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၈ ရက်
ဗိုလ်နဂါး ဦးဆောင်သော ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) စခန်းအချို့ကို ဝင်ရောက်စီးနင်းရခြင်းသည် လူသတ်မှု၊ မုဒိမ်းမှုအပါအဝင် ကျူးလွန်ထားသော ရာဇဝတ်မှု ၁၀ မှုကျော်အတွက် တရားခံများကို ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူထံမှ သိရသည်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းရှိ BNRA တပ်စခန်းအချို့ကို ယမန်နေ့ ဖေဖော်ဝါရီ ၁၇ ရက်တွင် NUG လက်အောက်ခံ PDF တပ်ရင်းများက ဝင်ရောက်စီးနင်းခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး BNRA ဘက်မှ လူနှင့် လက်နက်ခဲယမ်းအချို့ကို ဖမ်းဆီးသိမ်းဆည်းရမိထားကြောင်း သိရသည်။
“တိုင်ကြားထားတဲ့အထဲမှာ လူသတ်မှု၊ မုဒိမ်းမှု၊ ထိခိုက်နာကျင်အောင်လုပ်မှု၊ ဆင်သတ်မှု စတဲ့အမှု ၁၀ မှုကျော် ပါဝင်ပါတယ်။ အဆိုပါ အမှုကိစ္စတွေအတွက် ဖမ်းဆီးထိန်းသိမ်းနိုင်ရေးကို အဓိကထား ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အစိုးရတစ်ရပ်အနေဖြင့် တရားဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ လက်နက်ကိုင်အဖွဲ့ အစည်းမှ ပုဂ္ဂိုလ်များ ရာဇဝတ်မှုကျူးလွန်ပါက ဥပဒေနှင့်အညီ တရားစီရင်နိုင်ရန် ပြည်ထဲရေး ဝန်ကြီးဌာနက ကာကွယ်ရေးဝန်ကြီးဌာန (MOD) ၏ အကူအညီဖြင့် လုပ်ငန်းစဉ်များ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း NUG ဝန်ကြီးချုပ်ရုံးမှ သိရသည်။
“ဥပဒေနဲ့အညီ တရားစီရင်နိုင်ဖို့အတွက် လုပ်ငန်းစဉ်တွေကို ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အကူအညီနဲ့ လုပ်ကိုင်ဆောင်ရွက်ရတာ ရှိပါတယ်။ အခုဖြစ်စဉ်ကလည်း ဒီသဘောတရား အတိုင်းပဲဖြစ်ပါတယ်” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဆက်လက်ပြောသည်။
NUG အနေဖြင့် လူ၊ လက်နက်ခဲယမ်း သိမ်းဆည်းရမိမှု ရှိထားသော်လည်း အရေအတွက်နှင့် အခြေအနေကို လတ်တလောတွင် မြေပြင်ဆောင်ရွက်နေမှုများ မပြီးပြတ်သေးသောကြောင့် ထိုအရာနှင့် ပတ်သက်၍ သိရှိနိုင်ရန် လက်အောက်ခံ ကာကွယ်ရေးဝန်ကြီးဌာန (MOD) မှတစ်ဆင့် ထုတ်ပြန်သွား မည်ဖြစ်ဟု ၎င်းက ဆိုသည်။
BNRA ခေါင်းဆောင် ဗိုလ်နဂါးကမူ ၎င်းတို့၏ ဂိတ်စခန်းများကို NUG တပ်ရင်းများက လက်နက်ကြီး၊ ဒရုန်းဗုံးသီးများဖြင့် စတင်တိုက်ခိုက်ခဲ့သလို မဟာမိတ် GZA စခန်းတစ်ခုကိုလည်း စီးနင်းသွားကြောင်း လူမှုကွန်ရက်မှတစ်ဆင့် တုံ့ပြန်ဝေဖန်ထားသည်။
တိုက်ပွဲများကြောင့် BNRA တပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှုရှိကာ နေရာပြောင်းရွှေ့ ဆုတ်ခွာခဲ့ရပြီး၊ ထိုအခြေအနေကို အခွင့်ကောင်းယူကာ စစ်ကော်မရှင်တပ်က ဂျိုင်ရိုကော်ပတာ သုံးစင်းဖြင့် လာရောက် ဗုံးကြဲခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်၏ ဝင်ရောက်ဗုံးကြဲမှုအပေါ် နှစ်ဖက်စလုံးက ၎င်းတို့နှင့် ပတ်သက်မှုမရှိကြောင်း အသီးသီး ငြင်းဆိုထားကြသော်လည်း လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။