ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၈ ရက်
ပြင်သစ်သမ္မတ အီမာနျူရယ်မက်ခရွန်ဟာ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီနဲ့ ရင်းနှီးမှုရရေးအပြင် ပြင်သစ်လုပ် တိုက်လေယာဉ်တွေဝယ်ယူရေး ဆွဲဆောင်ဖို့အတွက်ပါ အစွမ်းကုန် ကြိုးစားနေပြီး ၂၀၁၇ ခု နှစ်မှာ သမ္မတဖြစ်လာပြီးနောက်ပိုင်း အိန္ဒိယကို ၄ ကြိမ်မြောက်အဖြစ် ရောက်ရှိလာပါတယ်။
သူ့ခရီးစဉ်ဟာ အိန္ဒိယလေတပ်ကို အကြီးအကျယ် အဆင့်မြှင့်
တင်ဖို့ ပြင်သစ်လုပ် ရာဖေးလ်တိုက် လေယာဉ် ၁၁၄ စင်း ဝယ်ယူဖို့ ပြင်ဆင်နေတဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
မက်ခရွန်ဟာ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ မွမ်ဘိုင်းမြို့ကို ရောက်ရှိလာခဲ့ပြီး မက်ခရွန်နဲ့ ဝန်ကြီး ချုပ် မိုဒီတို့ လက်ဆွဲနှုတ်ဆက်နေတဲ့ပုံတွေအပြင် မက်ခရွန်ရဲ့ ပုံတူပိုစတာတွေကိုလည်း အိန္ဒိယရဲ့ စီးပွား ရေးမြို့တော် မွမ်ဘိုင်းမှာ ခမ်းခမ်းနားနား ချိတ်ဆွဲပြီး ကြိုဆိုခဲ့ပါတယ်။
မက်ခရွန်နဲ့ ဇနီးဖြစ်သူ ဘရီဂျစ်တို့ဟာ Taj Palace ဟိုတယ်မှာ ဖေဖော်ဝါရီ ၁၈ ရက်နေ့အထိ တည်းခိုမှာဖြစ်ပြီး သူဟာ နယူးဒေလီမြို့မှာကျင်းပတဲ့ ဉာဏ်ရည်တု (AI) ဆိုင်ရာ ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာ ဖြစ်ပါတယ်။
အိန္ဒိယအတွက် ပြင်သစ်ဟာ ရုရှားလိုပဲ အားကိုးရတဲ့ စစ်ရေးမဟာမိတ် ဖြစ်လာပြီး ပြင်သစ်က တိုက်လေယာဉ်တွေကို ရောင်းရုံတင်မဟုတ်ဘဲ အိန္ဒိယနဲ့အတူ ပူးပေါင်းထုတ်လုပ်ဖို့နဲ့ နည်းပညာတွေ လက်လွှဲပေးဖို့အထိ ကမ်းလှမ်းလာတာပါ။
အိန္ဒိယအစိုးရဟာ အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀ တန်ကြေးရှိ စစ်လက်နက်တွေကို ဝယ်ယူဖို့ ခြေလှမ်းပြင်နေပြီလို့ သိရပါတယ်။ အဲဒီအထဲမှာ အမေရိကန်လုပ် ပင်လယ်ပြင်စောင့်ကြည့်ရေး လေယာဉ် ၆ စင်းနဲ့ ပြင်သစ်လုပ် ဒါဆိုရာဖေးလ် တိုက်လေယာဉ် ၁၁၄ စင်းတို့ ပါဝင်ပါတယ်။
ပြင်သစ် တာဝန်ရှိသူတွေ အခုလို သဘောတူညီမှုရလာတာဟာ နောက်ဆုံးအဆင့် မဟုတ်သေး ဘူးလို့ သတိပေးထားပါတယ်။
ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းဝယ်မှုကို စောင့်ကြည့်နေတဲ့ (SIPRI) အဖွဲ့ရဲ့ အစီရင်ခံစာအရ ၂၀၂၀ ကနေ ၂၀၂၄ ခုနှစ်အတွင်းမှာ ပြင်သစ်နိုင်ငံရဲ့ လက်နက်အများဆုံးဝယ်တဲ့ ဖောက်သည်ဟာ အိန္ဒိယ နိုင်ငံ ဖြစ်နေပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ဝန်ကြီးချုပ် မိုဒီနဲ့ သမ္မတ မက်ခရွန်တို့ဟာ ဥရောပရဲ့ Airbus ကုမ္ပဏီနဲ့ အိန္ဒိယရဲ့ Tata အုပ်စုတို့ ပူးပေါင်းတည်ထောင်ထားတဲ့ စစ်သုံးရဟတ်ယာဉ် ထုတ်လုပ်ရေးစက်ရုံကို ဗီဒီယို မှတစ်ဆင့် ဖွင့်လှစ်ပေးခဲ့ပါတယ်။
ကိုးကား – Bloomberg
Ref; Macron pushes for Rafale fighter jet deal on high-profile India trip