ဧရာဝတီတိုင်းမ်
(မီဇိုရမ်)၊ဖေဖော်ဝါရီ ၁၇ ရက်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း မီဇိုရမ်ယာဉ်မောင်းတစ်ဦး အသတ်ခံရသည့်ဖြစ်စဉ်ကြောင့် မီဇိုရမ်-ပလက်ဝ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို နှစ်လကြာ ပိတ်ထားမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင် အုပ်ချုပ်ရေးမှူးက ယမန်နေ့ ဖေဖော်ဝါရီ ၁၆ ရက်တွင် ထုတ်ပြန်သည်။
မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့၊ AOC ရပ်ကွက်နေ ဦးလာလ်ရမ်ဆန်းနာ (၃၇) နှစ် သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်က ပလက်ဝမြို့နယ်သို့ ကုန်ပစ္စည်းသွားပို့ရာတွင် ပျောက်ဆုံးသွားခဲ့သည်။ ဦးလာလ်ရမ်ဆန်းနာ ပျောက်ဆုံးသွား၍ ရှာဖွေမှုများပြုလုပ်ခဲ့ရာ ဖေဖော်ဝါရီ ၁၅ ရက်တွင် ၎င်း၏ ရုပ်အလောင်းကို ပလက်ဝမြို့နယ်၊ ရှင်းလက်ဝကျေးရွာ၌ ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသတွင်း မီဇိုရမ်လူငယ်အဖွဲ့အစည်းများနှင့် လောင်တလိုင်ခရိုင် အုပ်ချုပ်ရေးမှူးက ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် သတင်းမီဒီယာများနှင့် တွေ့ဆုံကာ နယ်စပ်ဖြတ်ကျော်သွားလာမှုနှင့် ကုန်သွယ်ရေးလမ်းကြောင်းများကို နှစ်လကြာ ပိတ်ထားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် အမှုမှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးမှုများ အရှိန်အဟုန်ဖြင့် ပြုလုပ်နေပြီး ပြစ်မှု ကျူးလွန်သူများသည် နိုင်ငံခြားသားများ ဖြစ်နေပါကလည်း ဥပဒေနှင့်အညီ ထိုက်သင့်သည့် အပြစ် ပေးနိုင်ရန် အစွမ်းကုန် ကြိုးစားသွားမည်ဟု ဆိုထားသည်။
လောင်တလိုင်ခရိုင် ရဲမှူးကလည်း ယခုဖြစ်စဉ်ကို လူသတ်မှုအဖြစ် အမှုဖွင့်ထားပြီး ဗဟိုလူငယ် လိုင်အဖွဲ့အစည်း (CYLA) နှင့် မရာအဖွဲ့ (MTP) တို့ ပူးပေါင်းကာ အနီးကပ် စုံစမ်းစစ်ဆေး မည်ဖြစ်ကြောင်း ပြောကြားထားသည်။
လက်ရှိ ပလက်ဝ-မီဇိုရမ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို မီဇိုရမ်အာဏာပိုင်အဖွဲ့ဝင်များက ပိတ်လိုက်သဖြင့် ယမန်နေ့ ဖေဖော်ဝါရီ ၁၆ ရက်မှစ၍ မြန်မာကုန်သည်များ ကုန်စည်သယ်ယူခွင့် မရတော့ဘဲ လမ်းခရီးတွင်လည်း ပိတ်မိမှုများ ရှိနေကြောင်း သိရသည်။
“မနေ့ကစပြီး ကုန်စည်တွေ သယ်လို့မရတော့ဘူး။ ဂိတ်တွေလည်း ပိတ်ထားတယ်။ မြန်မာဘက်ခြမ်းကို ကုန်စည်အဝင် မရှိဘူး။ မီဇိုရမ်ဘက်မှာ ဝယ်ပြီးသား ကုန်တွေတောင် ပိတ်မိနေတယ်” ဟု ရခိုင်ကုန်သည်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများသည် စစ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် အခြေခံစားသောက်ကုန်အပါအဝင် ဆေးဝါးနှင့် စက်သုံးဆီများကို မီဇိုရမ် ပြည်နယ်ဘက်မှ အဓိက တင်သွင်းအားထားနေရခြင်းဖြစ်သည်။
ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများသည် စစ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် အခြေခံစားသောက်ကုန်၊ ဆေးဝါးနှင့် စက်သုံးဆီများကို မီဇိုရမ်ဘက်မှ အဓိက တင်သွင်းအားထားနေရခြင်းဖြစ်သည်။
ယခုကဲ့သို့ လမ်းကြောင်းနှစ်လကြာ ပိတ်လိုက်ခြင်းကြောင့် ဒေသခံများသည် ဒေသတွင်း ကုန်စည် ပြတ်လပ်မှုနှင့် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာမည့် အခြေအနေနှင့် ရင်ဆိုင်ရနိုင်ဖွယ်ရှိကြောင်း သိရသည်။