ဧရာဝတီတိုင်းမ်
(မတူပီ)၊ဖေဖော်ဝါရီ ၁၇ ရက်
ချင်းပြည်နယ်၊ မတူပီမြို့နယ်ရှိ မာဒူကျေးရွာတွင် ကျောင်းသားလူငယ်များကို စစ်မှုထမ်းရန်အတွက် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားသည့် ချင်းကာကွယ်ရေးတပ် (ဒိုင်ရ်) – CDF-Daai ကို ဒေသခံပြည်သူများက ရွာလုံးကျွတ် လမ်းပေါ်ထွက် ဆန့်ကျင်ဆန္ဒပြနေကြကြောင်း သိရသည်။
လက်နက်အပြည့်အစုံဖြင့် CDF-Daai တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက် နံနက် ၄ နာရီခန့်က မာဒူကျေးရွာအတွင်းသို့ တစ်အိမ်တက်ဆင်း ဝင်ရောက်ရှာဖွေကာ အိပ်ပျော်နေသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အသက်မပြည့်သေးသည့် လူငယ် ၂၀ ကျော်ကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။

“အဓိကတော့ ကျောင်းသားလူငယ်တွေ စစ်မှုထမ်းဖို့ဆိုပြီး အတင်းအဓမ္မ လာဖမ်းတာပါ။ အသက်မပြည့် သေးတဲ့ ကလေးတွေ၊ ကျောင်းတက်နေတဲ့ ကလေးတွေပါ ပါသွားတယ်။ ကျွန်တော်တို့က မဖမ်းဖို့ တားပါသေးတယ်။ ဒါပေမဲ့ သူတို့က နားမထောင်ဘဲ ဖမ်းခေါ်သွားတာ။ အဲဒါကြောင့် ရွာသားတွေက လမ်းမပေါ်ထွက်ပြီး ဆန့်ကျင်ဆန္ဒပြကြတာ ဖြစ်ပါတယ်” ဟု မာဒူကျေးရွာဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖမ်းဆီးမှုများ ပြုလုပ်စဉ်အတွင်း CDF-Daai တပ်ဖွဲ့ဝင်များသည် တံခါးချက်ချင်းမဖွင့်ပေးသည့် နေအိမ် သုံးလုံးကို ကန်ကျောက်ဖျက်ဆီးခဲ့သလို၊ သေနတ် သုံးချက်ထက်မနည်း ပစ်ဖောက်ကာ ရွာသားများကို ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
“ရွာကို CDF-Daai ဝင်လာတာက မနက်အစောကြီး ၄ နာရီလောက်မှာပါ။ အကုန်လုံး အိပ်လို့ ကောင်းတုန်း ရှိသေးတယ်။ လက်နက်တွေနဲ့ ရွာထဲပတ်ပြီး တစ်အိမ်တက်ဆင်း တံခါးတွေ လိုက်ခေါက် တာ။ တံခါးချက်ချင်း မဖွင့်ပေးနိုင်တဲ့ အိမ်တွေကိုလည်း ခြေထောက်နဲ့ ကန်ကျောက်ပြီး ဖျက်ဆီးသွား ကြတယ်။ သေနတ်လည်း သုံးချက်လောက်ဖောက်သွားတယ်”ဟု မာဒူရွာဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးခံရသူ ၂၀ ကျော်အနက် အသက်မပြည့်သူများနှင့် ကျောင်းသားအချို့ကို ပြန်လည်လွှတ် ပေးခဲ့ပြီဟု သတင်းများ ထွက်ပေါ်နေသော်လည်း ကျန်ရှိနေသည့် လူငယ်များအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် ဒေသခံများက ဆက်လက်ဆန္ဒပြ တောင်းဆိုနေကြသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ CDF-Daai ဘက်သို့ ဧရာဝတီတိုင်းမ်က ဆက်သွယ်မေးမြန်း ထားသော်လည်း လက်ရှိအချိန်အထိ တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
မာဒူကျေးရွာသည် အိမ်ခြေ ၂၀၀ ကျော်ရှိပြီး ဒိုင်ရ် (ချင်း) မျိုးနွယ်စုဝင်များ နေထိုင်သည့် ကျေးရွာဖြစ်ကာ ဒိုင်ရ်ဒေသန္တရကောင်စီ (DRC) ၏ အုပ်ချုပ်ရေးအောက်တွင် ရှိသည့်ကျေးရွာလည်း ဖြစ်သည်။
ရုပ်သံအကြောင်းအရာ -မာဒူကျေးရွာရှိဒေသခံများ ဆန္ဒပြနေစဉ်။