ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၇ ရက်

 

ခေတ်ပြိုင်ကဗျာလောကတွင် ထင်ရှားသည့် ဧရာဝတီတိုင်းသား ကဗျာဆရာ ဝင်းမြင့် အသက် (၅၈) နှစ် ၏ ဈာပနအခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲပိုင်းတွင် ပုသိမ်မြို့ရှိ သရောင်းချောင်းသုသာန်၌ သင်္ဂြိုဟ်ပြီးစီးကြောင်း ပုသိမ်မြို့ခံများထံကသိရသည်။

 

ဆရာဝင်းမြင့်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းက ပုသိမ်မြို့ရှိ ၎င်း၏ နေအိမ်တွင် ဦးနှောက်သွေးကြောပေါက်သည့် ဝေဒနာဖြင့် ရုတ်တရက် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ပြီး ရန်ကုန်၊ မန္တလေးနှင့် နယ်ဝေးသီးသီးမှ စာရေးဆရာ၊ ကဗျာဆရာများနှင့် စာပေဝါသနာရှင်များ လာရောက်ဂုဏ်ပြု နှုတ်ဆက်ခဲ့ကြသည်။

“သူ့ရဲ့နေအိမ်မှာပဲ တစ်ယောက်တည်း ရုတ်တရက် ကွယ်လွန်သွားတာပါ။ သွေးတိုးအခံရှိတယ်လို့လည်း သိရတယ်။ ဒီနေ့ နာရေးကိုတော့ နယ်စုံက စာပေညီအစ်ကိုတွေ အတော်များများ လာရောက်ပို့ဆောင်ကြပါတယ်” ဟု နာရေးသို့ တက်ရောက်ခဲ့သည့် ကဗျာဆရာတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

ဆရာဝင်းမြင့်သည် ၁၉၈၀ နှောင်းပိုင်းကာလမှစတင်၍ “ရုပ်ရှင်တေးကဗျာ” မဂ္ဂဇင်းပါ “မြက်ခင်းပေါ်မှာ” ကဗျာဖြင့် စာပေလောကသို့ ခြေချခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ကဗျာဆရာ မိုဃ်းဇော်နှင့်အတူ “အမှုန်အမွှားကင်းစင်တဲ့ လူစီ” နှစ်ယောက်တွဲ ကဗျာစာအုပ်ကို ထုတ်ဝေခဲ့သည်။

 

ထို့အပြင် ဆရာဝင်းမြင့်၏ ကဗျာလက်ရာများထဲမှ “ရန်ကုန်ဟာ ကျဉ်းပါတယ်၊ ဒါပေမဲ့ ပြန်မဆုံနိုင်တော့ဘူး”၊ “အိမ်ဆိုတာ ပြန်လို့ရတဲ့အရာမှန်းသိလေ ပိုနာကျင်ရလေ၊ ဒါကြောင့်မို့ မြစ်တွေဟာ သွယ်ဝိုက်စီးဆင်းတာဖြစ်မယ်” နှင့် “မင်းက ကဗျာလို့ပြောတယ်၊ ငါက ဘဝပါပဲ” ဆိုသည့် စာသားများသည် ခေတ်ပြိုင်ကဗျာဝါသနာရှင်များနှင့် လူငယ်များကြားတွင် အထူးပင် ရေပန်းစား ထင်ရှားသည်။