ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၇ ရက်
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ် ခြောက်ခုမှ ပကဖ၊ ပအဖ၊ PDF နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ဖွင့်လှစ်ထားသည့် အခွန်ကောက်ဂိတ်များအားလုံးကို ယနေ့ ဖေဖော်ဝါရီ ၁၇ ရက် နောက်ဆုံးထား၍ ပိတ်သိမ်းရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ညွှန်ကြားလိုက်သည်။
ညွှန်ကြားချက်အရ ရွှေဘိုခရိုင် ကွပ်ကဲရေး (၁) အောက်ရှိ ရေဦး၊ တန့်ဆည်၊ ဒီပဲယင်းမြို့နယ်များနှင့် ရွှေဘိုခရိုင် ကွပ်ကဲရေး (၂) အောက်ရှိ ရွှေဘို၊ ခင်ဦး၊ ဝက်လက်မြို့နယ် စသည့် မြို့နယ် ခြောက် ခုလုံးရှိ ဂိတ်များအားလုံး အကျုံးဝင်ကြောင်း သိရသည်။
“စစ်ကိုင်း-ရွှေဘို-မြစ်ကြီးနား လမ်းပေါ်မှာ အခွန်ကောက်ဂိတ်တွေက မနည်းဘူး။ ပေးရတဲ့ နှုန်းထားတွေကလည်း များတော့ အခုလို ပိတ်ခိုင်းတာ ပြည်သူတွေအတွက် အသက်ရှူချောင်သွားမှာပါ။ ခရီးသွားလာရတာ စရိတ်က အတော်ကြီးနေတာ” ဟု ရွှေဘိုဒေသခံ ယာဉ်မောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အမှတ် (၁) ရွှေဘိုခရိုင် စစ်ဌာန၏ ထုတ်ပြန်ချက်တွင် နယ်မြေအတွင်းရှိ တပ်ရင်းတပ်ဖွဲ့များနှင့် ပကဖများ ဖွင့်လှစ်ထားသည့် အလှူခံဂိတ်၊ မဲရောင်းဂိတ်၊ လမ်းပြုပြင်ရေးရန်ပုံငွေဂိတ်နှင့် စစ်ဆေးရေးဂိတ် အစရှိသည့် ဂိတ်များအားလုံးကို စနစ်တကျ စိစစ်နိုင်ရန်အတွက် ဖေဖော်ဝါရီ ၁၇ ရက်မှစ၍ ပိတ်သိမ်းရန် ဖော်ပြထားသည်။
တပ်ဖွဲ့များအနေဖြင့် လက်နက်ခဲယမ်း လိုအပ်ချက်ရှိပါက အဆင့်ဆင့် တင်ပြတောင်းခံရန်နှင့် ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် တရားမဝင် ဂိတ်ဖွင့်ငွေကောက်ခြင်း၊ ရပ်ရွာပြည်သူများထံမှ ခွဲတမ်းတောင်းခြင်းတို့ကို ရှောင်ကြဉ်ကြရန်လည်း ညွှန်ကြားထားသည်။
အဆိုပါ ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိပါက ထိရောက်စွာ အရေးယူမည်ဟု သတိပေးထားပြီးနောက် ယနေ့တွင် လမ်းပိုင်းပေါ်ရှိ အကောက်ခွန်ဂိတ်အချို့ ပိတ်သိမ်းသွားသည်ကို တွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။