ဧရာဝတီတိုင်းမ်
(ဖားဆောင်း)၊ ဖေဖော်ဝါရီ ၁၇ ရက်
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်အတွင်းသို့ ဖေဖော်ဝါရီ ဒုတိယပတ်မှစတင်ကာ စစ်ကော်မရှင် တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသဖြင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ နှင့် ထိတွေ့တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေကြောင်း သိရသည်။
တိုက်ပွဲများအတွင်း စစ်ရေးအရ အရေးပါသည့် ဖားဆောင်း-မယ်စဲ့ လမ်းမကြီးပေါ်ရှိ သံလွင်တံတား (ဖားဆောင်း) နှင့် ဘောလခဲ-ဖားဆောင်း လမ်းပေါ်ရှိ ထူးချောင်းတံတားတို့မှာ မိုင်းခွဲဖျက်ဆီးခံရမှု ကြောင့် ကျိုးကျပျက်စီးသွားခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်သည် ဖားဆောင်းဒေသကို ပြန်လည်ရရှိနိုင်ရန်အတွက် မြေပြင်စစ်ကြောင်းများအပြင် လေကြောင်းတိုက်ခိုက်မှုကိုပါ အဓိကအသုံးပြုနေပြီး ယခင်က ၎င်းတို့အခြေစိုက်ခဲ့သည့် ခလရ-၁၃၅ တပ်ရင်းသို့လည်း အင်အားအများအပြား ဖြည့်တင်းထားသည်။

“ဖားဆောင်းက စစ်ရေးအတွက် တကယ်အရေးပါသလို သယံဇာတလည်း ရှိတော့ စစ်ကော်မရှင်က ပြန်လိုချင်နေတာ။ တော်လှန်ရေးတပ်တွေဘက်ကလည်း ဒါကို အဆုံးစွန်ထိ ပြင်းပြင်းထန်ထန် တုံ့ပြန်မယ့်အနေအထား ရှိပါတယ်” ဟု ကရင်နီစစ်ရေး သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ကရင်နီအခြေစိုက် PDF တပ်ရင်းများနှင့် ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး (ကလလတ) တို့က ဖားဆောင်းဒေသကို ကာကွယ်ရန်အတွက် ဦးဆောင်တိုက်ပွဲဝင်လျက် ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) စစ်ရေးချုပ် ခူးရီဒူးက ဖားဆောင်းတိုက်ပွဲနှင့် ပတ်သက်၍ “စာမေးပွဲအတွက် စာမကျက်ဘဲ အောင်မှတ်ရဖို့အရေး ခိုးချဖို့ပဲ စဉ်းစားတော့ ရလဒ် ကောင်းလည်း မရခဲ့ပေ။ နောက်တစ်ခါ စာမေးပွဲရှိခဲ့ရင် စာကျက်လာကြပါ” ဟု ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားကာ ထားသည်ကို တွေ့ရသည်။
ကရင်နီပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များသည် ၂၀၂၅ ခုနှစ် ဇွန်လအတွင်းက ဖားဆောင်းရှိ ခလရ-၁၃၄ တပ်ရင်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်ရှိနေသည့် ခလရ-၁၃၅ တပ်ရင်းကို သိမ်းပိုက်ရန် ကြိုးပမ်းနေစဉ် ယခုကဲ့သို့ စစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်နှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။
“ဖားဆောင်းမြို့ပေါ်က အရင်ထဲကလူမနေဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သိမ်းထားတယ် ဆိုပေမဲ့ မြို့ပေါ်မှာအုပ်ချုပ်ရေးဖော်ဆောင်ထားတာမဟုတ်ဘူး” ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
စစ်ကော်မရှင်ဘက်ကမူ ဖားဆောင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဟုဆိုကာ ဌာနဆိုင်ရာရုံးများရှေ့တွင် ရိုက်ကူးထားသည့် ဓာတ်ပုံများ ထုတ်ပြန်၍ ဝါဒဖြန့်မှုလုပ်ဆောင်ထားသော်လည်း မြေပြင်သတင်းများ အရ မြို့ပေါ်တွင် လူနေထိုင်ခြင်းမရှိဘဲ စစ်ရေးတင်းမာမှုများသာ ရှိနေကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်