ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၇ ရက်

အိန္ဒိယအစိုးရဟာ အီရန်နိုင်ငံနဲ့ ပတ်သက်ဆက်နွှယ်နေပြီး အမေရိကန်က ပိတ်ဆို့အရေးယူထား တဲ့ ရေနံတင်သင်္ဘော ၃ စင်းကို ဖေဖော်ဝါရီလအတွင်းမှာ ဖမ်းဆီးခဲ့ပါတယ်။

တရားမဝင်ကုန်သွယ်မှုတွေကို တားဆီးဖို့ အိန္ဒိယ ရေပိုင်နက်အတွင်းမှာ စောင့်ကြည့်စစ်ဆေးမှု တွေကိုလည်း အရင်ကထက် ပိုပြီးတိုးမြှင့်လုပ်ဆောင်နေတယ်လို့ သတင်းရင်းမြစ်တစ်ခုက ဖေဖော်ဝါရီ ၁၆ ရက်မှာ ပြောပါတယ်။

အိန္ဒိယရေပိုင်နက်ကို အသုံးချပြီး ရေနံတွေ ဘယ်ကလာသလဲဆိုတာကို ဖုံးကွယ်ဖို့ သင်္ဘောတစ် စင်းကနေ တစ်စင်းကို ရေနံလွှဲပြောင်းတာမျိုးတွေကို တားဆီးဖို့ အိန္ဒိယက ရည်ရွယ်ထားတာပါ။ အခုလို သင်္ဘောတွေကို ဖမ်းဆီးတာနဲ့ စောင့်ကြည့်မှုတွေ တိုးမြှင့်လာတာဟာ အမေရိကန်နဲ့ အိန္ဒိယကြား ဆက်ဆံ ရေး ပိုမိုကောင်းမွန်လာပြီးနောက်ပိုင်း ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

အိန္ဒိယက ရုရှားမှ ရေနံဝယ်ယူမှုကို ရပ်တန့်ဖို့ သဘောတူလိုက်တာကြောင့် အမေရိကန်ကလည်း အိန္ဒိယကုန်စည်တွေအပေါ် ကောက်ခံနေတဲ့ သွင်းကုန်ခွန်ကို ၅၀ ရာခိုင်နှုန်းကနေ ၁၈ ရာခိုင်နှုန်းအထိ လျှော့ချပေးမယ်လို့ ဖေဖော်ဝါရီလ အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။

အိန္ဒိယအာဏာပိုင်တွေဟာ သီးသန့်စီးပွားရေးဇုန်အတွင်းမှာ သင်္ဘောတစ်စင်းရဲ့ သံသယဖြစ်ဖွယ် လှုပ်ရှားမှုကို စတင်တွေ့ရှိခဲ့ပြီးနောက် ဖေဖော်ဝါရီ ၆ ရက်မှာတော့ မွန်ဘိုင်းမြို့ရဲ့ အနောက်ဘက် ရေမိုင် ၁၀၀ အကွာမှာ အဆိုပါ သင်္ဘော ၃ စင်းကို ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ လူမှုကွန်ရက် X မှာ ထုတ်ပြန် ထားပါတယ်။

အခုလို အခြေအနေတွေကြောင့် အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ဟာ ရေပိုင်နက်အတွင်းမှာ ၂၄ နာရီ ပတ်လုံး အမြဲမပြတ် စောင့်ကြည့်စစ်ဆေးနိုင်ဖို့အတွက် သင်္ဘောအစင်းရေ ၅၅ စင်းနဲ့ ကင်းလှည့်လေယာဉ် ၁၀ စင်းကနေ ၁၂ စင်းအထိ တိုးမြှင့်ချထားလိုက်ပြီလို့ သတင်းရင်းမြစ်က ဆိုပါတယ်။

London Stock Exchange Group ရဲ့ အချက်အလက်တွေအရ အခုဖမ်းဆီးခံရတဲ့ ရေနံတင် သင်္ဘော ၃ စင်းထဲက ၂ စင်းဟာ အီရန်နဲ့ ဆက်နွှယ်နေတာကို တွေ့ရပါတယ်။

Al Jafzia သင်္ဘောဟာ ၂၀၂၅ ခုနှစ်တုန်းက အီရန်ကနေ ဂျီဘူတီနိုင်ငံဆီကို လောင်စာဆီတွေ ပို့ ဆောင်ပေးခဲ့တာဖြစ်ပြီး Stellar Ruby သင်္ဘောကတော့ အီရန်နိုင်ငံအလံကို လွှင့်ထူထားတဲ့ သင်္ဘောဖြစ် တယ်လို့ ဆိုပါတယ်။

ကိုးကား – Reuters
Ref; India seizes Iran-linked US-sanctioned tankers, steps up surveillance