ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၇ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲဒေသအတွင်းရှိ ဗိုလ်နဂါးဦးဆောင်သော ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA)ရှိရာ တပ်စခန်းအနီးထိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ခရိုင်တပ်ရင်းများ ရောက်ရှိလာသည့်အတွက် ဗိုလ်နဂါး၏တပ်ဖွဲ့မှ စတင်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

ယင်းမာပင်ခရိုင် တပ်ရင်းအချို့သည် BNRA တပ်စခန်းအနီး ယမန်နေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ညနေပိုင်းတွင် တပ်ဖြန့်လာရာ ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ဗိုလ်နဂါး၏တပ်ဖွဲ့များက စတင်ပစ်ခတ်ရာမှအပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကော်မရှင်က လေကြောင်းမှ ဝင်ရောက်ဗုံးကြဲနေကြောင်း သိရသည်။

“နဂါး က စစ်တပ်တစ်ပိုင်းဖြစ်နေပါပြီ။ လေကြောင်းတွေခေါ်ပြီးချနေတယ်။ နောက်ရက်မှာ သူခေါ်တာ မဟုတ်ဘူးလို့ပြောဦးမှာပဲ”ဟု ယင်းမာခရိုင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင် တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

BNRA အဖွဲ့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်က ယင်းမာပင်ခရိုင် အမှတ် (၄) တပ်ရင်းမှ ရဲဘော်ကတုံးကို လုပ်ကြံပစ်ခတ် သတ်ဖြတ်ခဲ့သည့်အပြင် အခြားသော ရာဇဝတ်မှုများနှင့် အုပ်ချုပ်ရေး ယန္တရား နှောင့်ယှက်မှုများ ရှိနေသဖြင့် ဗိုလ်နဂါးနှင့် တရားခံများကို ဖမ်းဆီးနိုင်ရေးအတွက် NUG ပြည်ထဲရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များ ဗိုလ်နဂါးစခန်းအနီးရောက်ရှိစဉ်ကတည်းက ဗိုလ်နဂါးဘက်မှနေ၍ တရားမဝင် သည့်လုပ်ရပ်ဖြစ်ပြီး အနိုင်ကျင့်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ပြီး ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင်လည်း ပြစ်တင်ပြောဆိုရေးသားမှုများ ပြုလုပ်ထားသည်။

ဓာတ်ပုံ-BNRA