ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၇ ရက်

အီရန်နိုင်ငံ အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ဟာ ဟော်မုဇ်ရေလက်ကြားတစ်ခု လုံးကို ၂၄ နာရီပတ်လုံး အပြည့်အဝ ထောက်လှမ်းစိုးမိုးထားနိုင်ပြီလို့ အီရန် ထိပ်တန်းရေတပ်ဗိုလ်ချုပ်ကြီး က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

ဒီပြောကြားချက်ဟာ ပါရှားပင်လယ်ကွေ့နဲ့ အိုမန်ပင်လယ်ကွေ့ကြားမှာရှိတဲ့ ကမ္ဘာ့အချက်အချာ ကျဆုံး ရေလမ်းကြောင်းတစ်ခုဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားမှာ စစ်ရေးလေ့ကျင့်မှုတွေ စတင်ပြုလုပ်ပြီး နာရီပိုင်းအကြာမှာပဲ ထွက်ပေါ်လာတာပါ။

IRGC ရေတပ်ဗိုလ်ချုပ်ကြီး အလီရီဇာတန်စီရီက ယခုစစ်ရေးလေ့ကျင့်မှုဟာ တပ်ဖွဲ့အသီးသီး ပူး ပေါင်းပါဝင်တဲ့ လက်တွေ့ပစ်ခတ်မှုတွေပါဝင်တဲ့ ရည်မှန်းချက်ရှိရှိ ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုဖြစ်တယ် လို့ ဆိုပါတယ်။

ဗိုလ်ချုပ်ကြီး တန်စီရီက စစ်ရေးလေ့ကျင့်မှုတွေကို ပါရှားပင်လယ်ကွေ့နဲ့ ဟော်မုဇ်ရေလက်ကြား နှစ်နေရာလုံးမှာ လုပ်ဆောင်နေတာဖြစ်ပြီး အဲဒီရေပြင်တွေမှာရှိတဲ့ ကျွန်းတွေကိုလည်း ဘယ်သူမှ ထိုး ဖောက်ဖျက်ဆီးလို့မရတဲ့ ခံတပ်ကြီးတွေအဖြစ် တင်စားပြောဆိုသွားပါတယ်။

မဟာဗျူဟာမြောက်တဲ့ ဒေသကြီးတစ်ခုလုံး လုံခြုံစိတ်ချရဖို့အတွက် နှစ်စဉ်ပုံမှန် စစ်ရေးလေ့ကျင့် မှုတွေ လုပ်ဆောင်နေတာဖြစ်ပြီး ဒီကျွန်းတွေနဲ့ ရေပြင်တစ်ခုလုံးကို ကာကွယ်ဖို့ IRGC ရေတပ်ရဲ့ တာဝန်ပဲ လို့ သူက ဆိုပါတယ်။

ယခုနှစ် စစ်ရေးလေ့ကျင့်မှုရဲ့ ထူးခြားချက်ကတော့ အရင်က တရားဝင် ထုတ်မပြရသေးတဲ့ စစ် လက်နက်ဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ စစ်လက်နက်ပစ္စည်းအသစ်တွေကို အသုံးပြုထားတာပဲ ဖြစ်ပါတယ်။

ပင်လယ်ပြင်က လုံခြုံရေးခြိမ်းခြောက်မှုတွေကို IRGC ရေတပ်က ဘယ်လောက်အထိ မြန်မြန်ဆန် ဆန်နဲ့ ပြတ်သားစွာ တုံ့ပြန်နိုင်မလဲဆိုတာက စစ်ရေးလေ့ကျင့်မှုရဲ့ အဓိက အချက်ဖြစ်ပါတယ်။

ဟော်မုဇ် ရေလက်ကြားနဲ့ ပါရရှားပင်လယ်ကွေ့အတွင်းမှာ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လာတဲ့ သင်္ဘောတွေကို ကြားဖြတ်တားဆီးတာ၊ စစ်ဆေးတာနဲ့ သိမ်းဆည်းတာတွေကို လုပ်ဆောင်နိုင်ဖို့အတွက် အထူးတုံ့ပြန်ရေး တပ်ဖွဲ့တွေက ပုံမှန်လေ့ကျင့်နေကြတာပါလို့ သူက ဆိုပါတယ်။

အီရန်က စစ်ရေးလေ့ကျင့်မှုတွေ လုပ်လာတာဟာ အမေရိကန်က လေယာဉ်တင်သင်္ဘောတွေနဲ့ ဗုံး ကြဲလေယာဉ်တွေကို ပါရှားပင်လယ်ကွေ့ဒေသဆီ စေလွှတ်လိုက်ပြီးနောက်ပိုင်း နှစ်နိုင်ငံကြား တင်းမာမှု တွေ အရှိန်မြင့်နေတဲ့အချိန်မှာ ဖြစ်ပေါ်လာတာပါ။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းကလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒုတိယမြောက် လေ ယာဉ်တင်သင်္ဘောတစ်စင်းကို အရှေ့အလယ်ပိုင်းဒေသဆီ ထပ်ပြီးစေလွှတ်မယ်လို့ ကြေညာခဲ့ပါတယ်။

လက်ရှိမှာလည်း နှစ်နိုင်ငံကြား အခြေအနေတွေက ဆိုးရွာနေပြီး အမေရိကန်ရဲ့ USS Abraham Lincoln လေယာဉ်တင်သင်္ဘောနဲ့ ဖျက်သင်္ဘောအုပ်စုတွေဟာ အဲဒီဒေသမှာ အခြေစိုက်ထားပါတယ်။

အခုလို အခြေအနေတွေ တင်းမာနေပေမဲ့လည်း အီရန်နဲ့ အမေရိကန်တို့ဟာ အိုမန်နိုင်ငံရဲ့ ကြား ဝင်စေ့စပ်ပေးမှုနဲ့အတူ နျူကလီးယားဆိုင်ရာ နောက်တစ်ကျော့ ဆွေးနွေးမှုတွေကိုတော့ လာမယ့် အင်္ဂါနေ့ မှာ ဂျီနီဗာမြို့မှာ ပြုလုပ်သွားဖို့ ရှိနေပါတယ်။

ကိုးကား – Anadolu
Ref; IRGC Navy chief says Strait of Hormuz under 24-hour surveillance amid tensions with US