ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဖေဖော်ဝါရီ ၁၅ ရက်)
နာကျင်မှုဝေဒနာတွေကို သက်သာစေဖို့ ကုသတဲ့အခါ ဆေးထိုးရမှာ ကြောက်တဲ့သူတွေ၊ ဆေးသောက်ရမှာ ပျင်းတဲ့သူတွေအတွက် အနာပျောက်ဆေးကပ်ခွာ (Pain Relief Patches) တွေဟာ ဒီနေ့ခေတ်မှာတော့ တကယ့်ကို အားကိုးစရာ ဖြစ်လာပါပြီ။
ခါးနာ၊ ဒူးနာ၊ အဆစ်ရောင်တာမျိုးလို ကာလရှည် နာကျင်မှုကို ခံစားနေရသူတွေကအစ ရေယုန်ပေါက် ပြီးနောက် ကျန်ခဲ့တဲ့ အာရုံကြောနာကျင်မှု ဝေဒနာရှင်တွေပါမကျန် ဒီဆေးကပ်ခွာတွေကို သုံးနိုင်ပါတယ်။ နောက်ဆုံး… ကင်ဆာဝေဒနာကြောင့် ပြင်းပြင်းထန်ထန် နာကျင်လို့ စားမရအိပ်မပျော် ဖြစ်နေတဲ့ လူနာတွေအတွက်တောင် ဆေးပလာစတာတွေက ထိထိရောက်ရောက် နိုင်နိုင်နင်းနင်း ကုသပေးနိုင် နေပါပြီ။
ဒီဆေးကပ်ခွာတွေရဲ့ အားသာချက်ကတော့ အရေပြားပေါ်မှာ ကပ်ပေးထားရုံနဲ့ ဆေးအာနိသင်က တဖြည်း ဖြည်းချင်း ထွက်လာပြီး နာကျင်တာတွေကို သက်သာပျောက်ကင်းစေတာပါ။ ဆေးထိုးအပ်နဲ့ ထိုးစရာမလိုသလိုသောက်ဆေးတွေလို အစာအိမ်ကိုလည်း မထိခိုက်စေပါဘူး။ ဒါကြောင့် အစာအိမ်ရောဂါရှိလို့ ဆေးသောက်ရခက်တဲ့သူတွေနဲ့ ဆေးမျိုချရခက်တဲ့ လူနာတွေအတွက် အင်မတန် အဆင်ပြေစေပါတယ်။
ဆေးကပ်ခွာထဲက ဆေးတွေဘယ်လိုအလုပ်လုပ်သလဲ (Transdermal Delivery System)
ဆေးပလာစတာထဲမှာ ပါဝင်တဲ့ ဆေးဝါးတွေက အရေပြားကတစ်ဆင့် သွေးကြောထဲကို တိုက်ရိုက် စိမ့်ဝင်သွားတာပါ။ ဆေးသောက်သလိုမျိုး အစာအိမ်နဲ့ အသည်းကို ဖြတ်သန်းစရာမလိုဘဲ သွေးထဲ တိုက်ရိုက်ရောက်တဲ့အတွက် ဆေးအာနိသင်ကို မြန်မြန် ခံစားရပါတယ်။ ဆေးကပ်ခွာ အမျိုးအစား ပေါ်မူတည်ပြီး ၈ နာရီကနေ ၃ ရက်အထိ ခံသလို၊ အချို့ဆိုရင် ၇ ရက်အထိတောင် ဆေးအာနိသင်ကို မှန်မှန်လေး ထုတ်ပေးနေနိုင်တာမျိုးရှိပါတယ်။
ဆေးခဏခဏ သောက်စရာမလိုဘဲ ဆေးပလာစတာကို တခါကပ်ထားရုံနဲ့ ကြာရှည်ခံပါတယ်။ အသုံးပြုရလည်း လွယ်ကူပါတယ်။အကိုက်အခဲပျောက်ဆေးကြောင့် အစာအိမ်အနာဖြစ်တာ အစာအိမ် သွေးယိုတာ ၊ ပျို့ အန်တာ စတဲ့ ပြဿနာတွေကို လျော့နည်းစေပါတယ်။
ဒါကြောင့် ဆေးကပ်ခွာတွေဟာ နာကျင်တဲ့နေရာကို တိုက်ရိုက်ကပ်နိုင်သလို တစ်ကိုယ်လုံး အာနိသင် ပြစေဖို့လည်း သုံးနိုင်ပါတယ်။ နာကျင်မှုသက်သာစေတဲ့ ဆေးကပ်ခွာတွေကို ဆေးဝါးအုပ်စုအလိုက် အမျိုးအစားခွဲခြားနိုင်ပါတယ်။
အသုံးအများဆုံးအကိုက်အခဲပျောက် ပလာစတာများ (NSAIDs Patches)
ဒါတွေကတော့ ကြွက်သားနဲ့ အဆစ်အမြစ် နာကျင်ရောင်ရမ်းတာတွေအတွက် သုံးတာပါ။ ဥပမာ- ကြွက်သားနဲ့ အဆစ်အမြစ် နာကျင်ရောင်ရမ်းမှုတွေအတွက် Diclofenac Patch ၊ အဆစ်ရောင်တာနဲ့ ခါးနာတာတွေအတွက် Ketoprofen Patch ၊ ထိခိုက်ဒဏ်ရာ အဆစ်အမြစ်နာခြင်း တို့အရောင်ကျစေဖို့ Indomethacin Patch၊ အဆစ်အမြစ် ကိုက်ခဲခြင်းအတွက်Flurbiprofen Patch ရောင်ရမ်းမှုကို လျှော့ချဖို့ နဲ့ ခါးနာခြင်း ဒဏ်ဖြစ်ခြင်းတွေအတွက် Piroxicam Patch စသဖြင့် အသုံးပြုနိုင်ပါတယ်။
ခါးနာတာ၊ ဒဏ်ဖြစ်တာနဲ့ အဆစ်ရောင်တာတွေအတွက် ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ ရနိုင်ပါတယ်။
ထုံဆေးပါဝင်တဲ့ ဆေးပလာစတာများ (Local Anesthetics Patches)
နာကျင်နေတဲ့နေရာက အာရုံကြောတွေကို ခေတ္တထုံသွားစေတာပါ။ ရေယုန်ကြောင့်ဖြစ်တဲ့ အာရုံကြော နာကျင်မှုတွေအတွက် Lidocaine Patch ကို အဓိကသုံးသလို၊ သွားနဲ့ ခံတွင်း ထုံစေဖို့အတွက် Benzocaine Patch တွေကို သုံးကြပါတယ်။
ဆရာဝန်ညွှန်ကြားချက်ပါမှ သုံးရမယ့် ဘိန်းပင်မှရသော ပြင်းထန်ဆေးကပ်ခွာများ (Opioid Patches)
ဒါတွေကတော့ အင်မတန် အစွမ်းထက်တဲ့ ထိန်းချုပ်ဆေးဝါးတွေပါ။ ဆရာဝန် အထူးညွှန်ကြားချက်ပါမှ ဝယ်ယူလို့ရတဲ့ Controlled drugs ဆေးဝါးတွေဖြစ်ပါတယ်။ အလယ်အလတ်ကနေ ပြင်းထန်တဲ့ နာတာရှည် နာကျင်မှုတွေအတွက် Buprenorphine Patch သုံးပါတယ်။ ၇ ရက်ဆေးအာနိသင်ရှိတာကြောင့် တစ်ပတ်ကို တစ်ခါပဲ လဲရတတ်ပါတယ်။
ကင်ဆာလူနာတွေအတွက် သုံးတဲ့ Fentanyl Patch ဆိုရင် အကိုက်အခဲပျောက်အာနိသင် အရမ်း ပြင်းသလို ဘေးထွက်ဆိုးကျိုးလည်း များပါတယ်။ ဒါကြောင့် ဆရာဝန်ညွှန်ကြားချက် မပါဘဲ လုံးဝ (လုံးဝ) မသုံးရပါဘူး။ သုံးနေရင်း အသက်ရှူရခက်ခဲတာ၊ စကားပြောတာ ဗလုံးဗထွေးဖြစ်တာ၊ အလွန်အမင်း အိပ်ငိုက်တာမျိုး ဖြစ်လာရင် ချက်ချင်း ခွာပစ်ပြီး ဆေးရုံတင် ကုသတာမျိုးပြုလုပ်ရပါမယ်။
အာရုံလွှဲပေးတဲ့ ဆေးပလာစတာများ (Counter-irritants Patches)
အရေပြားကို ပူစေ၊ အေးစေတဲ့ နည်းနဲ့ နာကျင်မှုကို မေ့သွားအောင် လုပ်ပေးတာပါ။ ဆေးဆိုင်တိုင်းမှာ ရနိုင်ပါတယ်။ အေးမြတဲ့ ခံစားမှုရပြီးနာကျင်ခြင်းသက်သာဖို့ Menthol ဆေးပရုတ်ပါဝင်တဲ့ ပလာစတာ တွေကို အသုံးပြုနိုင်ပါတယ်။ သွေးလည်ပတ်မှု ကောင်းစေပြီး အနာသက်သာစေဖို့ Camphor ပါဝင်တဲ့ဆေးကတ်ခွာတွေကို ရွေးချယ်နိုင်ပါတယ်။
ဆေးရနံ့သင်းသင်းနဲ့ နွေးနွေးထွေးထွေးခံစားရပြီး နာကျင့်ခြင်းလျော့နည်းဖို့ Methyl Salicylate ဆေးပလာစတာကိုရွေးချယ်အသုံးပြုကြပါတယ်။ ငရုတ်သီးပူစပ်တဲ့ဓာတ် Capsaicin အာနိသင်ကိုအသုံးပြုပြီး အာရုံကြောနာကျင်မှုအတွက် Capsaicin Patch ဆေးပလာစတာကို အသုံးပြုနိုင်ပါတယ်။
နှလုံးသွေးကြောကျဉ်းရောဂါအတွက် Nitroglycerin ဆေးကို သုံးရပါတယ်။ ရင်ဘတ်အောင့်ခြင်းကို ကာကွယ်ဖို့အတွက် Nitroglycerin Patch ဆေးပလာစတာကိုသုံးပါတယ်။ သို့ပေမယ့်လည်း အရွတ်ရောင်ရမ်း နာကျင်ခြင်းရောဂါ (Fendinopathy) မှာ အနာပျောက်စေဖို့အတွက်လည်း သုံးနိုင်ပါတယ်။
သတိထားရမယ့်အချက်များ
ဆေးကပ်တဲ့နေရာမှာ နီမြန်းတာ၊ ယားတာ အဖုအပိမ့်ထွက်တာမျိုး အရေပြား ပြဿနာဖြစ်နိုင်လို့ တစ်ခါကပ်ပြီးရင် နောက်တစ်ခါမှာ နေရာသစ် ပြောင်းကပ်ပေးပါ။ ကပ်ခွာကနေ ဆေးတွေ တစ်ခါတည်း အများကြီး စိမ့်ဝင်သွားရင် ဆေးလွန်တဲ့ လက္ခဏာတွေ (အသက်ရှူနှေးတာ၊ မူးဝေတာ စသဖြင့်) ကြုံတွေ့ရန်နိုင်ပါတယ်။
အရေးကြီးဆုံးက ဆေးကပ်ထားတဲ့နေရာကို ရေနွေးအိတ်ကပ်တာ၊ Sauna (ချွေးထုတ်ခန်း) ဝင်တာမျိုး လုံးဝမလုပ်ပါနဲ့။ အပူကြောင့် ဆေးတွေ သွေးထဲကို တစ်ပြိုင်နက်တည်း အများကြီး စိမ့်ဝင်သွားရင် အသက်အန္တရာယ်အထိ ရှိနိုင်ပါတယ်။
ဆေးကပ်ခွာကို ကတ်ကြေးနဲ့ ဖြတ်မသုံးရပါဘူး။ ဆေးစိမ့်ဝင်စနစ် ပျက်စီးသွားနိုင်တာကြောင့် ဖြစ်ပါတယ်။ သုံးပြီးသား ကပ်ခွာတွေကိုလည်း ဆေးမျက်နှာ ပြင်ချင်း ပူးကပ်ပြီး ကလေးတွေနဲ့ ဝေးရာမှာ စနစ်တကျ စွန့်ပစ်ပေးပါ။ ဆေးပလာစတာဟာ သောက်သုံးရေနဲ့ ထိစပ်မိပါက ရေညစ်ညမ်းခြင်း ဖြစ်နိုင်တာကြောင့် ရေနဲ့ဝေးရာမှာ စနစ်တကျ ထားသိုပါ။စွန့်ပစ်ပါ။
နောက်..ဒဏ်ရာပေါက်ပြဲနေတဲ့နေရာ၊ မီးလောင်နာတွေပေါ်မှာ ဆေးတွေကို လုံးဝမလိမ်းသင့်၊ မကပ်သင့်ပါဘူး။
ဆေးပလာစတာ (Patch) တွေလိုပဲ အရေပြားကနေတစ်ဆင့် စိမ့်ဝင်ပြီး နာကျင်မှုကို သက်သာစေတဲ့ လိမ်းဆေး(Topical) နဲ့ ဖြန်းဆေး (Spray) တွေဟာလည်း မရှိမဖြစ်အိမ်သုံးဆေးတွေပါပဲ။ မိမိတို့ရဲ့ ကျန်းမာရေးနဲ့ သင့်လျော်တဲ့ ဆေးပလာစတာတွေကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
နောက်တစ်ပတ်မှာတော့ “သနပ်ခါး နဲ့ ကျန်းမာရေး” ဆောင်းပါးကို တင်ဆက်ပေးမှာဖြစ်လို့ စောင့်မျှော် ကြပါဦးခင်ဗျာ။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ကျန်းမာရေး ဆောင်းပါး #ဆေးထိုးဆေးသောက်ဆေးပလာစတာ #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။)