‎ဧရာဝတီတိုင်းမ်
‎ဖေဖော်ဝါရီ ၁၅ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာရှိ စစ်ကော်မရှင် ရဲစခန်းကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ပိတ်ဆို့တိုက်ခိုက်ရာ စစ်ကော်မရှင်၏ ဖားကန့်ဗျူဟာကုန်းနှင့် တပ်စခန်းများက အရပ်သားများနေထိုင်ရာ ရပ်ကွက်များအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ဦးတည် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်သည် လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ယမန်နေ့ ဖေဖော်ဝါရီ ၁၄ ရက်က လုံးခင်းကျေးရွာ အမှတ် (၅) ရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျည် တိုက်ရိုက်ကျရောက် ပေါက်ကွဲခဲ့ပြီး မိသားစုဝင် သုံး ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

“ရဲစခန်းကို ပိတ်ဆို့ထားတုန်းမှာ လက်နက်ကြီးနဲ့ လေကြောင်းကနေ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား ခြိမ်းခြောက်လာလို့ KIA က ပြန်ဆုတ်သွားတယ်လို့ သိရတယ်” ဟု ကချင် သတင်း ရင်းမြစ် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

KIA နှင့် တော်လှန်ရေးတပ်များသည် ယမန်နေ့ ဖေဖော်ဝါရီ ၁၄ရက်နေ့က ‎လုံးခင်းရဲစခန်းကို ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး စစ်ကော်မရှင်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

လုံးခင်းရဲစခန်းတိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က လက်နက်ကြီးများဖြင့် တုံ့ပြန်ပစ်ခတ်ခဲ့ရာ လုံးခင်း အမှတ် (၂) ရပ်ကွက်အတွင်းသို့လည်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကလေးငယ် နှစ် ဦး ထပ်မံ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်ကလည်း ဖားကန့် တောင်ပြိုရပ်ကွက်အတွင်း ကျရောက်ခဲ့သည့် မပေါက်ကွဲသေးသော လက်နက်ကြီးကျည်ကို ကလေးငယ်များက ကောက်ယူကြည့်ရာမှ ပေါက်ကွဲမှု ဖြစ်ပွားပြီး ကလေးငယ်တစ်ဦး သေဆုံးကာ သုံး ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။

လက်ရှိတွင် ဖားကန့်၊ ဗန်းမော်နှင့် ဝိုင်းမော်မြို့နယ်တို့တွင် စစ်ကော်မရှင်နှင့် KIA တို့အကြား တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်က လေကြောင်းတိုက်ခိုက်မှုများကို အဓိကထား လုပ်ဆောင် နေကြောင်း သိရသည်။

ပုံစာ-လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့သည့် နေအိမ်။