ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၅ ရက်

 

ရန်ကုန်-ဒလဆက်သွယ်ထားသည့် မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလတံတား ဖွင့်လှစ်ပြီးနောက် တံတားကို စည်းကမ်းချက်များနှင့်အညီ သုံးစွဲကြရန် စစ်ကော်မရှင်လက်အောက်ခံ ဆောက်လုပ်ရေးဝန်ကြီးဌာနက မေတ္တာ ရပ်ခံချက်တစ်စောင်ထုတ်ပြန်လာသည်။

 

အဆိုပါ ဒလတံတားကို ဖွင့်လှစ်ပြီး အခမဲ့သုံးစွဲခွင့်ပြုထားချိန်တွင် လမ်းလျှောက်ပြည်သူများနှင့် အိမ်စီးကားများက လမ်းကြောင်းပိတ်ဆို့သည်အထိ စည်ကားစွာအသုံးပြုခဲ့ကြသည်။

ထိုသို့ အသုံးပြုခဲ့ကြပြီးနောက် တံတားပေါ်ရှိ ရေဆင်းပေါက်များအတွင်း အမှိုက်များထိုးထည့်ပြီး ကွမ်းတံတွေးဘူးနှင့် သေးဘူးများကိုပါ တံတားပေါ်တွင် စွန့်ပစ်ထားခဲ့သည်ကို တွေ့ရသည်။

 

စစ်ကော်မရှင်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်မှစတင် ၍ တံတားဖြတ်သန်းခ ကောက်ယူခဲ့ပြီးလမ်းလျှောက် ဖြတ် သန်းသူများကိုလည်း အစိုးရရုံးပိတ်ရက် စနေ၊ တနင်္ဂနွေရက်များတွင်သာ ဖြတ်သန်းခွင့်ပြုတော့မည်ဖြစ်ကြောင်း စာကပ်အသိပေးထားသည်။

ထို့ပြင် တံတားအသုံးပြုသည့် ခရီးသွားပြည်သူများအနေဖြင့် စည်းကမ်းမဲ့ကွမ်းတံတွေးထွေးခြင်း၊ အမှိုက်စွန့်ပစ်ခြင်း၊ တံတားပေါ်၌ ယာဥ်ရပ်နားခြင်းများမပြုလုပ်ရန် ဆောက် လုပ်ရေးဝန်ကြီးဌာနက မေတ္တာရပ်ခံထားသည်။

 

ရန်ကုန်-ဒလ ပြေးဆွဲသည့် သယ်ယူပို့ဆောင်ရေးယာဥ်များသည်လည်း ဖေဖော်ဝါရီ ၁၄ ရက်နေ့မှ စတင်ကာ ဆူးလေ-ဒလ၊ ဗိုလ်တထောင်-ဒလ ယာဥ်လိုင်းနှစ်ခုဖြင့် ကားအစီးရေ ၃၀ ကို ပြေးဆွဲပေးနေကြောင်း သိရသည်။

 

တံတားဖွင့်လှစ်ချိန်ကိုလည်း နံနက် ၄ နာရီမှ ည ၁၀ နာရီအထိ သတ်မှတ်လိုက်ကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်