ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၅ ရက်

 

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်ရှိ နေအိမ်နှင့် ဆိုင်ခန်းတွဲဖွင့်ထားသည့် နေရာတစ်ခု မီးလောင်ကျွမ်းခဲ့ရာ သက်ကြီးပိုင်း အမျိုးသမီး ညီအစ်မနှစ်ဦး နေအိမ်အတွင်း ပိတ်မိသေဆုံးခဲ့ကြောင်း သိရသည်။

 

မရမ်းကုန်းမြို့နယ်၊ အောက်ဗဟိုလမ်းရှိ အိမ်နှင့်ဆိုင်ခန်း တွဲဖွင့်ထားသည့်နေအိမ်တစ်လုံး ယနေ့ ဖေဖော် ဝါရီ ၁၅ ရက် နံနက် ၃ နာရီ ၃၇ မိနစ်က မီးလောင်ကျွမ်းခဲ့ပြီး နေအိမ်အတွင်းနေထိုင်သူ ညီအစ်မတော်စပ်သည့် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ကြောင်း မရမ်းကုန်းတွင် နေထိုင်သူထံမှ သိရသည်။

“သော့ကအထပ်ထပ်ခတ်ထားတော့ မီးလောင်တဲ့အချိန်ဖွင့်မရတော့ဘဲ အိမ်အနောက်ဘက်မှာ ညီအစ်မ နှစ်ယောက်ရဲ့အလောင်းကို တွေ့ရတယ်လို့ ပြောပါတယ်။ အိမ်က စလောင်တာလား၊ ဆိုင်ကစလောင် တာလားတော့ မသိရဘူး”ဟု မရမ်းကုန်းမြို့နေ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ခိုးဆိုးလုယက်မှုနှင့် ဖောက်ထွင်းအန္တရာယ်များကို စိုးရိမ်ရသဖြင့် ဆိုင်ခန်းနှင့် နေအိမ်ကို သော့အထပ်ထပ် ခတ်ထားခြင်းကြောင့် မီးလောင်ချိန်တွင် အရေးပေါ်ထွက်ပြေးနိုင်ခြင်းမရှိဘဲ ပိတ်မိသွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

 

မီးငြှိမ်းသတ်ရန်နှင့် လူကယ်ဆယ်ရန် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာချိန်တွင်လည်း လုံခြုံရေး အတွက် ခတ်ထားသော သော့များကို ခက်ခက်ခဲခဲ ဖွင့်ထုတ်ခဲ့ရသည်ဟု ရပ်ကွက်နေသူများက ဆိုသည်။

 

အဆိုပါ မီးလောင်မှုကို မရမ်းကုန်းမြို့နယ် မီးသတ်ဌာန၊ လှိုင်မြို့နယ် မီးသတ်ဌာနနှင့် ရွှေရောင်သမိုင်း လူမှုကယ်ဆယ်ရေးအသင်းတို့ ပူးပေါင်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

 

ဓာတ်ပုံ – ရွှေရောင်သမိုင်း လူမှုကယ်ဆယ်ရေးအသင်း