ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၅ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ ငွေလွှဲ၊ ငွေထုတ်ကုန်စုံဆိုင်တစ်ခုကို စစ်ကော်မရှင် လက်အောက်ခံ ရဲအုပ်တစ်ဦးက ကျည်ဆံပို့ကာ ခြိမ်းခြောက်ငွေညှစ်ခဲ့သဖြင့် နယ်မြေခံရဲများက အချင်းချင်း ပြန်လည်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၌ တာဝန်ကျနေသည့် ရဲအုပ်အဆင့်ရှိသူ တစ်ဦးက မုံရွာရှိ ငွေလွှဲ ငွေထုတ်ပြုလုပ်နိုင်သော ကုန်စုံဆိုင်ကို ခြိမ်းခြောက်ငွေတောင်းခံသည့်စာနှင့် ၇.၆၂ ကျည်ဆံတစ်တောင့် ပေးပို့ခဲ့ခြင်းဖြစ်သည်။

“ယခုစာကိုရသည်နှင့် ငွေကျပ်သိန်း ၁၀၀ ယူပြီး စိန်ပန်းပြာလမ်းထဲကို ထွက်ခဲ့ပါ။ ကျွန်ုပ်တို့စောင့်ကြည့် နေသည်။ မူမမှန်သော အခြေအနေဖြစ်ပါက တွေ့ပါက ယခုပါသောကျည်သည် နောက်တစ်ခါ သင့် အတွက်ဖြစ်လိမ့်မည်။ ၁၀ မိနစ်စောင့်မည်။ သင့်ဘက်ကမူမမှန်ရင် ကျွန်ုပ်ကိုအဆိုးမဆိုပါနဲ့” ဟု ရေးသားထားသည့်စာကို ခြိမ်းခြောက်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ရေးသားထားသည့် အဆိုပါစာရွက်နှင့်အတူ ၇.၆၂×၅၁ ကျည်ဆံတစ်တောင့်ကို ရဲအုပ်ဖြစ်သူက ဆိုင်ပိုင်ရှင်ထံ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ကိုင်းရဲက မုံရွာကိုကျော်လာတော့ တာပေါ်ရေကျော်တာကို လက်မခံတဲ့အတွက် နယ်မြေခံရဲတွေက ပြန်ဖမ်းပစ်လိုက်တာလို့ ယူဆရတယ်။ ဒီလိုအဖြစ်အပျက်မျိုးတွေဆို တော်လှန်ရေးဘက်က လုပ်သ ယောင် စစ်လော်ဘီတွေက ဝါဒဖြန့်လေ့ရှိပေမဲ့ အခုကတော့ သူတို့အချင်းချင်း လက်ပူးလက်ကြပ် ပြန်ဖမ်းမိသွားတာ” ဟု ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသို့ ငွေညှစ်သည့်သတင်းမှာ မုံရွာရှိစစ်ကော်မရှင်တပ်ထံ ရောက်ရှိသွားပြီး မုံရွာမြို့၊ ကျွဲရဲစစ်ဆေးရေး ဂိတ်မှ ဗိုလ်ကြီးဇွဲထက်နှင့် မြို့နယ်ရဲစခန်းမှ ဒုရဲမှူးစိုးမိုးပိုင်၊ ခရိုင်ရဲစခန်းမှ ရဲအုပ်အောင်ကျော်ဌေး ဦးစီးသည့်အဖွဲ့သည် အဆိုပါနေ့ နံနက်ပိုင်းတွင်ပင် အောင်ချမ်းသာရပ်ကွက် စိန်ပန်းပြာလမ်းအတွင်း ပိတ်ဆို့ရှာဖွေခဲ့ကြောင်း သိရသည်။

ယင်းနောက် ခြိမ်းခြောက်ငွေတောင်းယူသူဟု ယူဆရသည့် မသင်္ကာဖွယ်ရာ လူတစ်ဦးကို ATOM ဆင်းကတ် ထည့်ထားသည့် ဖုန်းနှင့်အတူဖမ်းဆီးမိခဲ့ပြီး ခြိမ်းခြောက်ခံရသည့် ဆိုင်ပိုင်ရှင်က စာလာပို့သူ ဖြစ်ကြောင်း အတည် ပြုခဲ့သည်။

ဖမ်းဆီးရမိသူမှာ စစ်ကိုင်းမြို့ CCTV Control Room တွင် တွဲဘက်တာဝန်ထမ်းဆောင်နေသည့် ရဲအုပ် (ယာယီ) ချမ်းမြေ့အောင် ၃၉ နှစ် ဖြစ်ပြီး ကွမ်းခြံကုန်းဇာတိဖြစ်ကြောင်း ရဲသတင်းရင်းမြစ်များထံမှ သိရသည်။