ဘာသာပြန်သူ – MZH
ဖေဖော်ဝါရီ ၁၅ ရက်
နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေနဲ့ ပြည်ပရောက် မြန်မာအတော်များများကတော့ အခုပြီး စီးသွားတဲ့ အဆင့်သုံးဆင့်ပါ မြန်မာ့ရွေးကောက်ပွဲကို အနှစ်သာရမရှိတဲ့ အတုအယောင်ရွေးကောက်ပွဲ တစ် ခုအဖြစ် ကဲ့ရဲ့ပြစ်တင်နေကြပေမဲ့ ဒီရွေးကောက်ပွဲဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က အစိုးရပုံစံသစ် တစ်ခုနဲ့ စစ်တပ်အုပ်ချုပ်ရေးကို ပိုပြီးခိုင်မာအောင် လုပ်လိုက်သလို ဖြစ်သွားခဲ့ပါတယ်။
အာဆီယံအတွက် မြန်မာရွေးကောက်ပွဲရလဒ်ဟာ ပိုပြီးတော့ နေရခက်စရာကောင်းတဲ့ မေးခွန်း တစ်ခုကို အထင်အရှား ဖြစ်စေခဲ့ပါတယ်။ အဲဒါကတော့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို လိုက် နာဖို့ ခေါင်းမာမာနဲ့ ငြင်းဆန်နေတဲ့ မြန်မာစစ်အုပ်စုကို အပယ်ခံအဖြစ် ဆက်ထားမလား၊ ဒါမှမဟုတ် အာ ဆီယံရဲ့ မူဝါဒတွေကို မဖောက်ဖျက်ဘဲ သူတို့နဲ့ ပြန်ပြီး ထိတွေ့ဆက်ဆံဖို့ နည်းလမ်းရှာမလား ဆိုတာပါပဲ။
ဇန်နဝါရီလနှောင်းပိုင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ သီးသန့်အစည်းအဝေးအပြီးမှာ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ထရီဆာလာဇာရိုက အခုအချိန်အထိတော့ ဘုံသဘောတူညီချက်တစ်ခုမှ မရသေးဘူးလို့ ရှင်းလင်းစွာ ပြောကြားခဲ့ပါတယ်။
အာဆီယံဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်မှာ အဓိပ္ပာယ်ရှိတဲ့ နိုင်ငံရေးအရ တိုးတက်မှုဆိုတာ အကြမ်းဖက် မှုတွေ ရပ်တန့်ပြီး အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေကနေတစ်ဆင့် ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ အားလုံးပါဝင် နိုင်တဲ့ ပတ်ဝန်းကျင်မျိုး ရှိလာမှသာ ဖြစ်ပေါ်နိုင်မှာပါလို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဒါဟာ အာဆီယံအ ဖွဲ့ဝင်နိုင်ငံတွေကြားထဲက မတူညီတဲ့ မဟာဗျူဟာအမြင်တွေကို ဖုံးကွယ်ထားသလို ဖြစ်နေပါတယ်။ ဘာ ကြောင့်လဲဆိုတော့ အဓိပ္ပာယ်ရှိတဲ့ နိုင်ငံရေးအရ တိုးတက်မှုကို ဘယ်လိုနည်းလမ်းနဲ့ ဖော်ဆောင်မလဲဆို တဲ့ အချက်က အခုထိ အဖြေမထွက်သေးတဲ့ အဓိကမေးခွန်း ဖြစ်နေလို့ပါပဲ။
အာဆီယံအဖွဲ့ဝင် အုပ်စုတစ်စုကတော့ ဒီရွေးကောက်ပွဲဟာ ဘယ်လောက်ပဲ အပြစ်အနာအဆာတွေ ရှိနေပါစေ၊ ဒါကို နိုင်ငံရေးအရ အကူးအပြောင်းတစ်ခုရဲ့ အစလို့ ယုံကြည်ပြီး အတိုင်းအတာတစ်ခုအထိ အသိအမှတ်ပြုချင်နေကြပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက အာဆီယံက သုံးနှုန်းခဲ့တဲ့ ဒီမိုကရေစီ အသွင်းကူးပြောင်းခြင်းဆိုတဲ့ စကားလုံးမျိုး မဟုတ်တော့ဘဲ အခုတော့ သာမန် အကူးအပြောင်း ကာလလို့ပဲ ပုံဖော်လာကြတာပါ။
ဒီအုပ်စုမှာပါတဲ့ နိုင်ငံတွေအတွက်ကတော့ မြန်မာနိုင်ငံမှာ ဘယ်လောက်ပဲ ကိုယ်စားပြုမှုမရှိတဲ့ အစိုးရမျိုးဖြစ်ပါစေ အစိုးရတစ်ရပ်အနေနဲ့ တည်တည်ငြိမ်ငြိမ် ရှိလာတဲ့အသွင်ဆောင်တာနဲ့တင် မြန်မာကို ပြန်ပြီးကြိုဆိုဖို့ အဆင်သင့်ပါပဲ။ ဒါမှလည်း မြန်မာစစ်ခေါင်းဆောင်တွေ အာဆီယံ အစည်းအဝေးတွေမှာ ပြန်တက်နိုင်ပြီး အရင်လိုပဲ ပုံမှန်အတိုင်း ပြန်ပြီး ဆက်ဆံသွားနိုင်မှာ ဖြစ်ပါတယ်။
နောက်ထပ် အုပ်စုတစ်စုကတော့ ဘာကန့်သတ်ချက်မှမထားဘဲ မြန်မာစစ်အုပ်စုကို လက်ခံလိုက်တာဟာ မှားယွင်းတဲ့ သတင်းစကားတစ်ခု ပေးလိုက်သလို ဖြစ်သွားမှာကို စိုးရိမ်နေကြပါတယ်။ အဲဒါကတော့ အစိုးရယန္တရား ပုံစံခွက်တစ်ခုကိုသာ အပေါ်ယံ ဟန်ပြလုပ်ပြနိုင်ရင် အရပ်သားတွေအပေါ် ကျူးလွန်ခဲ့တဲ့ အစိုးရရဲ့ အဆိုးရွားဆုံး ရက်စက်ကြမ်းကြုတ်မှုတွေကို ဖုံးဖိထားလို့ရတယ်ဆိုတဲ့ အချက်ပါပဲ။ ဒီအုပ်စုရဲ့ ရပ်တည်ချက်ကတော့ လူ့အခွင့်အရေး၊ တာဝန်ခံမှုရှိမှုနဲ့ တရားဝင်မှု ရှိ၊ မရှိ ဆိုတဲ့ အချက်တွေအပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။
တတိယအုပ်စုကတော့ အလယ်အလတ်လမ်းစဉ်ကို လိုက်သူတွေဖြစ်ပြီး အာဆီယံအဖွဲ့ကြီးအနေနဲ့ မြန်မာစစ်အုပ်စုကို အသိအမှတ်မပြုဘဲ စုပေါင်းရပ်တည်ထားတဲ့ မူဝါဒကို ထောက်ခံကြပါတယ်။ တစ်ဖက်မှာလည်း နေပြည်တော်နဲ့ နှစ်နိုင်ငံချင်းအလိုက် တိုးတိုးတိတ်တိတ် ဆက်ဆံမှုမျိုးကိုတော့ ဆက်ထား ချင်ကြတာပါ။ ဒါမှလည်း နှစ်ဖက်စလုံးအတွက် လိုက်လျောညီထွေဖြစ်မယ့် အနေအထား မျိုးနဲ့ အသံတိတ် သံတမန်ရေး နည်းလမ်းတွေအတွက် လမ်းကြောင်းတစ်ခု ချန်ထားနိုင်မှာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ရပ်တန့်သွားခဲ့တဲ့ သံတမန်ရေးအရ အသိအမှတ်ပြုမှုတွေဟာ အခုဆိုရင် ပြန်ပြီးစတင်နေပါပြီ။ ဘရူနိုင်းနိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ သံအမတ်သစ်တစ်ဦးကို ခန့်အပ် လိုက်သလို ကမ္ဘောဒီးယားနိုင်ငံကလည်း မြန်မာနဲ့ သံတမန်ဆက်ဆံရေး (၇၀) ပြည့် အထိမ်းအမှတ်ပွဲ ကို မကြာခင်ကပဲ ကျင်းပခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို ထောက်ခံတယ်လို့ ပြောနေပေမဲ့ မြန်မာစစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုလုပ်ဖို့အတွက် ဒါက အတားအဆီး မဖြစ်ခဲ့ပါဘူး။ မြန်မာ့ရွေးကောက်ပွဲကို အာဆီယံနိုင်ငံတွေထဲက ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားက ရွေးကောက်ပွဲစောင့်ကြည့်သူတွေ စေလွှတ်ခဲ့ပါတယ်။
အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့ဟာ သံတမန်ရေး၊ ကုန်သွယ်ရေး၊ စွမ်းအင်ကဏ္ဍနဲ့ စစ်ရေးအရပါ မြန်မာစစ်အုပ်စုနဲ့ ပြန်ပြီး ထိတွေ့ဆက်ဆံမှုတွေ ရှိနေကြပေမယ့် မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဘုံသဘော ထားတစ်ခုတည်း ထွက်မလာနိုင်ဘဲ ဖြစ်နေရတာဟာ အဖွဲ့အတွင်းမှာ အခုလို အမြင်မတူဘဲ ကွဲပြားနေကြတဲ့ အားနည်းချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။
အာဆီယံအဖွဲ့က မြန်မာစစ်အုပ်စုကို အသိအမှတ်မပြုဘဲ ဆက်ထားမယ့် ဖိလစ်ပိုင်ရဲ့ ရပ်တည်ချက်ကို စုပေါင်းထောက်ခံသွားမှာဖြစ်ပြီး တစ်ဖက်မှာလည်း အခြေအနေအရ ပြောင်းလဲနိုင်ဖို့အတွက် လမ်းစတော့ ချန်ထားဦးမှာပါ။ အာဆီယံ အထူးသံတမန် လာဇာရိုကတော့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့အတွက် အဆိုပြုချက်အသစ်တွေ အပါအဝင် ဖြစ်နိုင်ခြေရှိတဲ့ အပြောင်းအလဲ တချို့ ရှိလာနိုင်တယ်လို့ အရိပ်အမြွက်ပြောထားပါတယ်။ အာဆီယံရဲ့ ရပ်တည်ချက်ကို ဘယ်အရာက ပြောင်းလဲစေနိုင်မလဲလို့ မေးမြန်းရာမှာ အကြမ်းဖက်မှုတွေ ရပ်တန့်သွားဖို့က အာဆီယံဘက်က ကြည့်မယ့် အခြေခံအကျဆုံးအချက်ပဲ ဖြစ်ပါတယ် လို့ ၎င်းက ပြန်လည်ဖြေကြားခဲ့ပါတယ်။
အာဆီယံအဖွဲ့တွင်းမှာ အမြင်ချင်း တူညီဖို့ဆိုတာ မြန်မာစစ်အုပ်စုရဲ့ ပူးပေါင်းဆောင်ရွက်လိုစိတ် အပေါ်မှာတင်မကဘဲ အာဆီယံကိုယ်တိုင်က တခြားသော သက်ဆိုင်သူတွေနဲ့ ဘယ်လောက်အထိ တီထွင်ကြံဆပြီး ထိတွေ့ဆက်ဆံမလဲဆိုတာအပေါ်မှာလည်း မူတည်နေပါတယ်။
အာဆီယံအဖွဲ့ဟာ ဘုံသဘောတူညီချက် ၅ ချက်ကို ဘယ်လိုအသုံးချမလဲဆိုတာ ပြန်ပြီးသုံးသပ်ဖို့ လိုနေပါပြီ။ ဒီသဘောတူညီချက်ကို ခေတ်မမီတော့ဘူးဆိုပြီး စွန့်ပစ်လိုက်မယ့်အစား အပေးအယူလုပ်တဲ့ ကမ်းလှမ်းချက်တစ်ခုအဖြစ် ပြောင်းလဲသင့်ပါတယ်။ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ စစ်တပ်မဟုတ်တဲ့ တခြားအင်အားစုတွေနဲ့ နိုင်ငံရေးအရ ဆွေးနွေးဖို့အတွက် အလဲအလှယ် အနေနဲ့ အာဆီယံအစည်းအဝေးတွေမှာ မြန်မာကို တဖြည်းဖြည်းချင်း ပြန်ပြီး နေရာပေးတာမျိုး ဖြစ်ပါတယ်။
ဒီလိုမျိုး ချဉ်းကပ်တာဟာ မြန်မာစစ်တပ်ကို ပြဿနာရဲ့ အရင်းအခံလို့ရော ဖြေရှင်းရမယ့် နည်းလမ်းရဲ့ အစိတ် အပိုင်းတစ်ခုအနေနဲ့ပါ သဘောထားလိုက်တာဖြစ်ပြီး လက်တွေ့ကျတဲ့ ပြေလည်မှုတစ်ခုရဖို့ သူတို့ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုလိုက်တာလည်း ဖြစ်ပါတယ်။ ဒါဟာ နေရခက်တဲ့ အမှန်တရား တစ်ခုကိုလည်း ဝန်ခံလိုက်တာပါပဲ။ အဲဒါကတော့ အာဆီယံအနေနဲ့ မြန်မာစစ်အုပ်စုရဲ့ လုပ်ရပ်တွေကို ဘယ်လောက်ပဲ မုန်းတီးနေပါစေ အချိန်ကြာမြင့်စွာ အဆက်အသွယ်ဖြတ်ထားတာဟာ သာမန် မြန်မာပြည် သူတွေကိုသာ အထိနာဆုံး ဖြစ်စေတယ်ဆိုတဲ့ အချက်ပါပဲ။
၂၀၂၁ နောက်ပိုင်းမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ စင်ကာပူရဲ့ ပြောဆိုချက်တွေကို ကြည့်မယ်ဆို ရင် လက်တွေ့ကျကျ သတ်မှတ်ထားတဲ့ အနိမ့်ဆုံး စံနှုန်းတစ်ခုက ဘယ်လိုမျိုးလဲဆိုတာကို တွေ့နိုင်ပါတယ်။ စင်ကာပူက မြန်မာနိုင်ငံမှာ အဓိပ္ပာယ်ရှိတဲ့ နိုင်ငံရေး တိုးတက်မှုတွေ ဖြစ်လာဖို့ဆိုတာ တိုက်ပွဲတွေ ရပ်တန့်ဖို့၊ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေဖြစ်ဖို့နဲ့ သက်ဆိုင်သူအားလုံး ပါဝင်နိုင်ဖို့ လိုအပ်တယ်လို့ တစ်စိုက်မတ်မတ် ပြောဆိုခဲ့တာပါ။
ဒါဟာ မကြာသေးမီက လုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ ဒီအချက်တွေနဲ့ မကိုက်ညီဘူးဆိုတာကို ညွှန်ပြ နေတာလည်း ဖြစ်ပါတယ်။ အာဆီယံအနေနဲ့ ဒီရွေးကောက်ပွဲဟာ တရားမျှတမှု မရှိတာနဲ့ အားလုံး ပါဝင်ခွင့် မရခဲ့တာ စတဲ့ အားနည်းချက်တွေကိုပဲ အလေးပေး ထောက်ပြခြင်းအားဖြင့် နောင်တစ်ချိန်မှာ ဒေသတွင်း တခြားရွေး ကောက်ပွဲတွေအပေါ် တုံ့ပြန်ရမယ့် အခြေအနေတွေကို အကျပ်ရိုက်စေနိုင်တဲ့ ဥပဒေကြောင်းအရ အသိ အမှတ်ပြုမှုဆိုင်ရာ အငြင်းပွားမှုတွေကို ရှောင်လွှဲနိုင်မှာ ဖြစ်ပါတယ်။
မြန်မာ့အရေးဟာ အာဆီယံ ဘုံသဘောတူညီချက်အပေါ် အခြေခံတဲ့ ဆုံးဖြတ်ချက်ချမှတ်မှု စနစ် အပေါ်မှာ ပိုပြီးတော့ ဝေဖန်စရာတွေ ဖြစ်လာစေပါတယ်။ အာဆီယံအနေနဲ့ မြန်မြန်ဆန်ဆန် ပြတ်ပြတ် သားသားနဲ့ ထိထိရောက်ရောက် မတုံ့ပြန်နိုင်တာဟာ မတည်ငြိမ်တဲ့ ပြင်ပပတ်ဝန်းကျင် အခြေအနေတွေ ကြားမှာ အဖွဲ့အစည်းရဲ့ ဖွဲ့စည်းပုံဆိုင်ရာ အားနည်းချက်တစ်ခုအဖြစ် ပိုပြီး ရှုမြင်ခံလာရတာပါ။
ဘုံသဘောတူညီချက်စနစ်ကနေ ခွဲထွက်ဖို့ ကြိုးစားတာဟာလည်း နိုင်ငံရေးအရ အန္တရာယ်များသလို အာဆီယံရဲ့ စည်းလုံးညီညွတ်မှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ပိုပြီးလက်တွေ့ကျတဲ့ ကာလတို ပြုပြင်ပြောင်းလဲမှုအနေနဲ့ကတော့ အာဆီယံအတွင်းမှာပဲ အလွတ်သဘော မဟာမိတ်ဖွဲ့တာ၊ လိုက်လျောညီထွေရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုပုံစံတွေ သုံးတာနဲ့ အာဆီယံအစည်းအဝေးတွေမှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုမှုအဆင့်ကို ဘယ်လိုအချိန်မှာ တိုးမြှင့် ဒါမှမဟုတ် လျှော့ချမယ်ဆိုတာကို ဘုံသဘောတူညီချက် ၅ ချက်အောက်မှာ ပိုပြီးရှင်းလင်းတဲ့ စံနှုန်းတွေ သတ်မှတ်ထားဖို့ပဲ ဖြစ်ပါတယ်။
မြန်မာရွေးကောက်ပွဲအပေါ် အိန္ဒိယရဲ့ ထိန်းထိန်းသိမ်းသိမ်း တုံ့ပြန်ပုံကိုကြည့်ရင် ကျွမ်းကျင်သူတွေ ကတော့ တရားဝင်မှုရှိအောင် ဖန်တီးယူထားတဲ့ လုပ်ရပ်တစ်ခုလို့ သုံးသပ်ကြပေမယ့် ဒါဟာ အိန္ဒိယရဲ့ မဟာဗျူဟာမြောက် ဦးစားပေးချက်တွေကို ဖော်ပြနေတာပါ။ အဲဒါတွေကတော့ နယ်စပ်ဒေသ တည်ငြိမ် ဖို့နဲ့ အိန္ဒိယအရှေ့မြောက်ပိုင်းကနေ အရှေ့တောင်အာရှကို ဆက်သွယ်မယ့် လမ်းပန်းဆက်သွယ် ရေး စီမံကိန်းတွေကိုဆက်ပြီး ထိန်းသိမ်းထားနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ယူဆနိုင်ပေမဲ့လည်း အိန္ဒိယအစိုးရကတော့ ရလဒ်အပေါ် ပြစ်တင်ရှုံ့ချတာမျိုးရော ထောက်ခံ တာမျိုးရော မလုပ်ဘဲ နေခဲ့ပါတယ်။
ဒီအခြေအနေဟာ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်နဲ့တော့ တခြားစီပါပဲ။ တရုတ်ကတော့ ဒီရွေး ကောက်ပွဲဟာ တည်တည်ငြိမ်ငြိမ်နဲ့ စနစ်တကျ ရှိခဲ့တယ်လို့ ဆိုသလို ပြည်သူတွေရဲ့ ရွေးချယ်မှုကိုလည်း ထင်ဟပ်စေတယ်လို့ ထောက်ခံခဲ့ပါတယ်။ ဒါဟာ မြန်မာစစ်အုပ်စုကို အသိအမှတ်မပြုဘဲ ထားရှိတဲ့ အာဆီယံရဲ့ ရပ်တည်ချက်အတွက် သံတမန်ရေးအရ ထိုးနှက်ချက်တစ်ခု ဖြစ်တယ်လို့ တချို့က ရှုမြင်ကြပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်လို့ တရုတ်ရဲ့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုချက် တွေကိုကြည့်ရင် အာဆီယံရဲ့ အခန်းကဏ္ဍက အဓိကပါပဲလို့ နှုတ်အရသာ ပြောနေပေမဲ့ လက်တွေ့မှာ တော့ နယ်စပ်ဒေသ လုံခြုံရေး၊ စီးပွားရေး အကျိုး အမြတ်တွေနဲ့ အိန္ဒိယသမုဒ္ဒရာဆီ ထွက်ပေါက်ရဖို့ဆိုတဲ့ မဟာဗျူဟာမြောက် အမျိုးသား အကျိုးစီးပွားတွေကိုပဲ ရှေ့တန်းတင် လုပ်ဆောင်နေတယ်ဆိုတာ ပေါ်လွင်နေပါတယ်။
အာဆီယံနဲ့ သဘောထားကွဲလွဲပြီး မြန်မာစစ်အုပ်စုကို အသိအမှတ်ပြုလိုက်တာဟာ တရုတ်ကို အမြင်ဆိုး စေတာထက် မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှု ဘယ်လောက်ကြီးမားတယ် ဆိုတာကို ဒေသတွင်းမှာ ပိုပြီးတော့ အထင်အရှား ဖြစ်သွားစေပါတယ်။
အာဆီယံအဖွဲ့ဟာ မြန်မာစစ်အုပ်စုကို အသိအမှတ်မပြုဘဲ ထားရှိခြင်းအားဖြင့် အာဆီယံပဋိညာဉ် စာတမ်းမှာ ပါရှိတဲ့ ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေး၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးနဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ် ခွင့်တွေကို လေးစားလိုက်နာမယ်ဆိုတဲ့ ကတိကဝတ်တွေကို ဆုပ်ကိုင်ထားဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီစံနှုန်းတွေကို ကာကွယ်ဖို့အတွက် လက်တွေ့ကျတဲ့ လုပ်ဆောင်ချက် တွေကတော့ အကန့်အသတ်ရှိနေပါသေးတယ်။
ရှေ့မှာကြုံရမယ့် တကယ့်စမ်းသပ်ချက်ကတော့ အာဆီယံအနေနဲ့ မူအားဖြင့် အသိအမှတ်မပြု ခြင်းဆိုတဲ့ ရပ် တည်ချက်ကို ပိုပြီးပါးနပ်တဲ့ နိုင်ငံရေးမဟာဗျူဟာဖြစ်တဲ့ ကန့်သတ်ချက်နဲ့ ထိတွေ့ဆက်ဆံမှုအဖြစ် ပြောင်းလဲနိုင်မလားဆိုတာပါပဲ။ အဲဒီလို လုပ်ဆောင်ရာမှာလည်း မြန်မာစစ်အုပ်စုရဲ့ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရနေတာတွေကို အားမပေးမိစေဘဲ မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို ဘယ်လို လျှော့ချပေးမလဲဆိုတာက အဓိကဖြစ်ပါတယ်။ ဒါကို လုပ်ဆောင်နိုင်ဖို့ဆိုရင်တော့ ခိုင်မာပြတ်သားတဲ့ နိုင် ငံရေးစိတ်ဆန္ဒ အစဉ်တစိုက် ရှိနေဖို့ လိုအပ်ပါတယ်။
ဖေဖော်ဝါရီလ ၁၅ ရက် SCMP ဝဘ်ဆိုဒ်မှာ ဆောင်းပါးရှင် Sharon Seah ရေးသားထားတဲ့ How Asean can resolve its Myanmar dilemma post-election ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။