ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဖေဖော်ဝါရီ ၁၅ ရက်
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ သဲချောင်းကျေးရွာအုပ်စု၊ သဘွတ်ချောင်းရွာမှ အမျိုးသမီးတစ်ဦးကို စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ဝင်များက ရွှေခိုးသည်ဟု စွတ်စွဲကာ ဖမ်းဆီးရိုက်နှက်သတ်ဖြတ်ခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
ပျူစောထီးများသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၈ နာရီခန့်က သဘွတ်ချောင်းရွာတွင် နေထိုင်သည့် အသက် (၃၅) နှစ်ဝန်းကျင်ရှိ မခိုင်ကို ရွှေခိုးသည်ဟု စွတ်စွဲကာ ၎င်း၏နေအိမ်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။
“အုပ်ချုပ်ရေးမှူး နောင်ကြီး ရဲ့ ချွေးမက ရွှေ သုံးကျပ်သားကျော်ပျောက်တယ်တဲ့။ အဲ့ဒါကို နောင်ကြီးနဲ့ သူ့တပည့်ပျူစောထီးတွေက မခိုင်ကို ရွှေခိုးတယ်လို့ စွတ်စွဲတယ်။ ပြီးတော့ စစ်ဆေးစရာရှိတယ်ဆိုပြီး အိမ်မှာလာခေါ်သွားတယ်”ဟု မိသားစုနှင့် နီးစပ်သည့်ရွာခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။

ပျူစောထီးအဖွဲ့ဝင်များက အဆိုပါ အမျိုးသမီးအား ဖမ်းဆီးသွားပြီးနောက် ယမန်နေ့ ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၂ နာရီ၃၀ မိနစ်ခန့်တွင် မခိုင် သေဆုံးသွားပြီဖြစ်ကြောင်း ၎င်း၏ ခင်ပွန်းဖြစ်သူထံသို့ အုပ်ချုပ်ရေးမှူးက ဆက်သွယ်အကြောင်းကြားလာခဲ့သည်။
“မခိုင်ကို ဖမ်းသွားတုန်းက အကောင်းကြီးပဲ။ သူ့ယောကျ်ားပါ လိုက်သွားတာ။ ဟိုရောက်တော့ အုပ်ချုပ်ရေးမှူးက မခိုင်ကို သူ့အိမ်အောက်က အချုပ်ခန်းထဲ ထည့်လိုက်တယ်။ စစ်ဆေးစရာရှိလို့ ခင်ပွန်းဖြစ်သူကို အိမ်ပြန်ခိုင်းလိုက်တာ။ မနက်အစောကြီးကျတော့မှ နင့်အမျိုးသမီး ဆုံးပြီ၊ အလောင်း လာယူဆိုပြီး ပြောလာတယ်” ဟု နီးစပ်သူတစ်ဦးက ပြောသည်။
ပျူစောထီးများက ရိုက်နှက်နှိပ်စက်သဖြင့် သေဆုံးသွားခြင်းဖြစ်သော်လည်း အုပ်ချုပ်ရေးမှူး နောင်ကြီး ကမူ မခိုင်မှာ ခြုံပုဝါဖြင့် ဆွဲကြိုးချ၍ အချုပ်ခန်းအတွင်း ဒူးထောက်ကာ သေဆုံးသွားခြင်းဖြစ်သည်ဟု ကျေးရွာအတွင်း လိမ်လည်ဝါဒဖြန့်ခဲ့ကြောင်း သိရသည်။
“သူတို့ ပျူစောထီးတွေ နှိပ်စက်လို့ သေသွားတာကို ဆွဲကြိုးချသေတယ်လို့ ရွာထဲမှာ လိမ်ပြောတယ်။ တော် တော်ဆိုးတာ။ သူ့လက်ခုပ်ထဲက ရေလိုဖြစ်နေတော့ သူလုပ်ချင်သလို လုပ်နေတာ။ တစ်ရွာလုံး ကလည်း ပျူစောထီး နောင်ကြီးအဖွဲ့ကို ကြောက်နေရတယ်” ဟု သဘွတ်ချောင်းရွာ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။
ကံပေါက်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သေဆုံးသူ အမျိုးသမီး၏ အလောင်းကို ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းတွင် ကံပေါက်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးစစ်ချက်များ ပြုလုပ်ခဲ့သည်။
“ဆေးစစ်ချက်အရ ဦးခေါင်းကွဲကြေဒဏ်ရာ၊ မျက်ခုံးကွဲဒဏ်ရာ၊ လက်ဖဝါးဒဏ်ရာနဲ့ ကျောပြင်တစ်ခု လုံးမှာ စုတ်ပြဲဒဏ်ရာတွေ တွေ့ရတယ်။ ရိုက်နှက်ခံရလို့ သေဆုံးတာ” ဟု မိသားစုနှင့် နီးစပ်သူက ဆိုသည်။
မခိုင်၏ ရုပ်အလောင်းကို ဖေဖော်ဝါရီ ၁၄ ရက် မွန်းလွဲပိုင်းတွင် သဘွတ်ချောင်းရွာ သုသာန်၌ သင်္ဂြိုဟ်ခဲ့ပြီး ၎င်းတွင် သမီးတစ်ဦးနှင့် သားတစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။
သေဆုံးသူ မခိုင်၏ ခင်ပွန်းနှင့် အုပ်ချုပ်ရေးမှူး နောင်ကြီးတို့သည် ညီအစ်ကိုအရင်းများ တော်စပ်ကြ သူများဖြစ်ပြီး ၂၀၂၄ ခုနှစ် ဧပြီကလည်း အဆိုပါ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ဝင်များသည် စိတ်ကျန်းမာရေးချို့တဲ့သူ ဦးဝင်းကျော်ကို ရိုက်နှက်သတ်ဖြတ်ခဲ့သည့် သမိုင်းကြောင်းရှိကြောင်း ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ-ဧရာဝတီတိုင်းမ်
ပုံစာ-သေဆုံးသူ မခိုင် ။