ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၅ ရက်

အမေရိကန်နဲ့ ဥရောပဟာ အတူတကွ ရှိနေရမယ့်တိုင်းပြည်တွေဖြစ်ကြောင်း အမေရိကန် နိုင်ငံ ခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောကြားခဲ့ပြီး ဥရောပမဟာမိတ်နိုင်ငံတွေအနေနဲ့ ၎င်းတို့ရဲ့ ကိုယ်ပိုင် ကာကွယ်ရေးကဏ္ဍကို အားကောင်းအောင်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ထောက်ပြလိုက်ပါတယ်။

ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ အစိုးရအဖွဲ့ဝင်တွေ တက်ရောက်လျက်ရှိတဲ့ မြူးနစ်လုံခြုံရေးညီလာခံ ဒု တိယမြောက်နေ့ဖြစ်တဲ့ စနေနေ့မှာ မာကိုရူဘီယိုက အခုလို ပြောကြားခဲ့တာပါ။

မာကိုရူဘီယိုရဲ့ မှတ်ချက်စကားတွေဟာ မကြာသေးမီက အမေရိကန်နဲ့ ဥရောပကြား ပေါ်ပေါက် နေတဲ့ သဘောထားကွဲလွဲမှုများအပေါ် အခြေခံပြီး ထွက်ပေါ်လာတာပါ။

ဥရောပနိုင်ငံတွေရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မာကိုရူဘီယိုက “ကျွန်တော်တို့ဟာ ခင်ဗျားတို့ရဲ့ အ နာဂတ်ရော၊ ကျွန်တော်တို့ရဲ့ အနာဂတ်ကိုပါ အလေးအနက်ထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အတ္တလန္တိတ်သမုဒ္ဒရာဖြတ်ကျော် မဟာမိတ်ခေတ် ကုန်ဆုံးတော့မယ်လို့ သတင်းခေါင်းစဉ်တွေ ရေးသားနေကြတဲ့ ယခုအချိန်မှာ ယင်းကဲ့သို့ ဖြစ်လာရန်မှာ အမေရိကန်ရဲ့ ရည်မှန်းချက်မဟုတ်သလို၊ ဆန္ဒ လည်းမဟုတ်ကြောင်း အားလုံးသိအောင် ရှင်းရှင်းလင်းလင်း ပြောကြားလိုပါတယ်လို့ ၎င်းက ဆက်ပြောပါ တယ်။

မာကိုရူဘီယိုက “ကျွန်တော်တို့ရဲ့ မဟာမိတ်တွေ အားနည်းနေတာမျိုးကို မလိုလားပါဘူး၊ ဘာလို့ လဲဆိုတော့ အဲဒါက ကျွန်တော်တို့ကိုပါ အားနည်းသွားစေနိုင်လို့ပါပဲ” လို့ သတိပေးခဲ့ပါတယ်။

“ရန်သူတွေအနေနဲ့ ကျွန်တော်တို့ရဲ့ စုပေါင်းအင်အားကို ဘယ်တော့မှ စမ်းသပ်ချင်စိတ် မရှိလာစေ ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိတဲ့ မဟာမိတ်တွေကိုပဲ ကျွန်တော်တို့ လိုလားပါတယ်” လို့ သူက ဆိုပါတယ်။

ကိုးကား – NHK
Ref; Rubio says US and Europe ‘belong together,’ urges allies to boost defense