နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၄ ရက်

မြန်မာ့နိုင်ငံရေးတွင် “၂၅ ရာခိုင်နှုန်း” ဟူသော ကိန်းဂဏန်းသည် ရိုးရှင်းသော သင်္ချာတန်ဖိုးထက် ပိုမို လေးနက်သည်။ အများစုက အစိတ်သားဟု ခေါ်ကြသည့် အဆိုပါ ၂၅ ရာခိုင်နှုန်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ကျောရိုးဖြစ်သကဲ့သို့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို လည်မြိုညှစ်ချုပ်ကိုင် ထားသည့် စစ်ဘက် “ဗီတိုအာဏာ” လည်း ဖြစ်သည်။

အင်အားပြင်း နာဂစ်မုန်တိုင်းကြောင့် လူပေါင်းသိန်းချီ သေဆုံးပျက်စီးနေချိန်တွင်ပင် စစ်အုပ်စုက အဓမ္မ အ တည်ပြုခဲ့သော ၂၀၀၈ ဥပဒေအရ တပ်ကိုယ်စားလှယ်များသည် ပြည်သူ့ဆန္ဒမပါဘဲ လွှတ်တော်တွင်း အခွင့် ထူးခံအဖြစ် ၂၅ ရာခိုင်နှုန်းကို ရယူထားနိုင်ခဲ့သည်။

🟥အဝေးထိန်းခလုတ် နှင့် လွှတ်တော်အမတ်များ

လွှတ်တော်တွင်း ရောက်ရှိနေသော ယူနီဖောင်းဝတ်များသည် ပြည်သူ့ကိုယ်စားလှယ်များ မဟုတ်ဘဲ စစ်ရုံးချုပ် (ကကကြည်း) ၏ အမိန့်ကို နာခံရသည့် စက်ရုပ်များသာ ဖြစ်ကြောင်း သက်သေအထောက် အထားများစွာ ရှိခဲ့သည်။

“ဥပဒေကိစ္စတွေ NLD က တင်သွင်းရင် ကျွန်တော်တို့က ကန့်ကွက်ဖို့ အစီ အစဉ်တွေ ကြိုချရတယ်။ လွှတ်တော်ပြီးရင်လည်း အဆိုတွေနဲ့ ပတ်သက်လို့ စစ်ဘက်ရေးရာလုံခြုံရေးဌာန (စရန) ဆီလက်ရေး မူနဲ့ အလှည့်ကျ အစီရင်ခံစာ ရေးတင်ရတာ” ဟု ၂၀၁၅ ၊ ဒုတိယအကြိမ် လွှတ်တော် သက်တမ်းတွင် တပ်ကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့ဖူးသည့် CDM ဗိုလ်ကြီးဘုဏ်းသိုက်က ပြောသည်။

ထို့အပြင် လွှတ်တော်ပြီးပါကလည်း တပ်အစုအဖွဲ့ခေါင်းဆောင် အရာရှိများက စစ်ဘက်ရေးရာ လုံခြုံရေးဌာနသို့ လွှတ်တော်အတွင်း အဆိုများနှင့် ပတ်သက်၍ လက်ရေးမူဖြင့် အလှည့်ကျရေးသား တင်ပြရကြောင်း ဗိုလ်ကြီးဘုဏ်းသိုက်က ဆက်လက်ပြောပြသည်။

ထို့ကြောင့် လွှတ်တော်အတွင်းရှိ တပ်ကိုယ်စားလှယ်များသည် ဥပဒေပြုရန် ရောက်နေခြင်းမဟုတ်ဘဲ ဥပဒေကို ဟန့်တားရန်နှင့် ထောက်လှမ်းရန် ရောက်ရှိနေခြင်းဖြစ်ကြောင်း ပြသနေသည်။

🟥ရွေးကောက်ပွဲရလဒ်နှင့်တစ္ဆေခြောက်ခံရသည့် စစ်တပ်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုသည် လွှတ်တော်တွင်း ၂၅ ရာခိုင်နှုန်း အာဏာ စက်ကို အသုံးချ၍ မရတော့သည့်အဆုံး ပေါ်ပေါက်လာသော “နိုင်ငံရေးဓားပြတိုက်မှု” တစ်ခု ဖြစ်ကြောင်းကို သမိုင်းမှတ်တမ်းများနှင့် လေ့လာစောင့်ကြည်သူများက သက်သေအဖြစ်ပြ ဆိုထားသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် လူထုထောက်ခံမှုဖြင့် သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ၏ ရလဒ်များသည် လက်ရှိ အာဏာသိမ်းယူထားသည့် စစ်တပ်အတွက် သွေးပျက်စရာ တစ်ခုဖြစ်ခဲ့သည်။ တစ်နိုင်ငံလုံးရှိ ပြည်သူလူထုသည် NLD ပါတီ တစ်ခဲနက် ထောက်ခံအားပေးခဲ့ပြီး ၈၃ ရာခိုင်နှုန်းကျော်အထိ အနိုင်ရရှိခဲ့ခြင်းသည် စစ်တပ်ကို နိုင်ငံရေးအရ ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်စေခဲ့သည်။

လွှတ်တော်၏ ၂၅ ရာခိုင်နှုန်းကို စစ်တပ်ကိုယ်စားလှယ်များက ယင်းသို့ရယူထားသော်လည်း ကျန်ရှိ ၇၅ ရာခိုင်နှုန်းတွင် ၎င်းတို့၏ လက်ဝေခံ ကြံ့ခိုင်ရေး (USDP)ပါတီအနေဖြင့် အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို ဖြည့် ဆည်းပေးနိုင်မှသာ စစ်တပ်၏ နိုင်ငံရေးဦးဆောင်မှုကဏ္ဍမှာ ခိုင်မာမည်ဖြစ်သည်။

သို့သော် လွှတ်တော်၏ ၇၅ ရာခိုင်နှုန်းသော ရွေးကောက်ခံနေရာများတွင် စစ်တပ် လက်ဝေခံ ကြံ့ခိုင်ရေး ပါတီ (USDP) အနေဖြင့် ၇ ရာခိုင်နှုန်းခန့်သာ ရရှိခဲ့သဖြင့် စစ်တပ်၏ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ လုံးဝပြိုလဲသွားခဲ့သည်။

လွှတ်တော်တွင်းမှတစ်ဆင့် အစိုးရဖွဲ့ရန် မဖြစ်နိုင်တော့သည့်အခြေအနေတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်အုပ်စုသည် “မဲမသမာမှု” ဟူသော အကြောင်းပြချက်ကို ဆုပ်ကိူင်၍ အာဏာသိမ်းခြင်းဖြင့် သမိုင်းကို ပြောင်းပြန်လှန်ရန် ကြိုးပမ်းခဲ့သည်။

🟥လွှတ်တော်တံခါးပိတ်ပြီး အာဏာသိမ်းခြင်း

စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ၊ ဖေဖော်ဝါရီ ၁ ရက်သည် ဒုတိယအကြိမ် လွှတ်တော်သက်တမ်း အတွင်းရှိ တပ်ကိုယ်စားလှယ်များကို ပြောင်းလဲပြင်ဆင်၍ တတိယအကြိမ် လွှတ်တော်အသစ်သို့ ကူးပြောင်းပေးရန် တစ်လကျော်ကြာမြင့်မည့် လွှတ်တော် ကာလဖြစ်သည်။

သို့သော် လွှတ်တော်အသစ်တွင် သောင်ပြိုကမ်းပြိုအနိုင်ရ NLD ပါတီ၏ အင်အားကြီးမားမှုကြောင့် တပ်ကိုယ်စားလှယ်များ၏ ဗီတိုအာဏာမှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို တားဆီးရန်လောက်သာ အသုံးဝင်တော့မည်ဖြစ်ပြီး နိုင်ငံတော် စီမံခန့်ခွဲမှုအပိုင်းတွင် ဝင်ရောက်စွက်ဖက်ရန် အကန့်အသတ်များ ရှိလာခဲ့သည်။

လွှတ်တော်တွင်း အခွင့်ထူးခံ တပ်ကိုယ်စားလှယ်များ၏ ဩဇာအာဏာ ကျဆင်းလာမည့်အခြေအနေကို ကြိုမြင်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မဲမသမာဟု အကြောင်းပြ၍ ဖွဲ့စည်းပုံဥပဒေကို ချိုးဖောက်ကျော်လွန်ကာ လုပ်ပိုင်ခွင့်မရှိဘဲ အတင်းအဓမ္မ အာဏာသိမ်းယူခဲ့ခြင်းပင်ဖြစ်သည်။

🟥လွှတ်တော်အမတ်မှ အုပ်ချုပ်ရေးပိုင်းဆီသို့

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ယခင်လွှတ်တော်တွင်း ယူနီဖောင်းဝတ်ပြီး ထိုင်နေခဲ့သော ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍသည် သိသိသာသာ ပြောင်းလဲသွားပြီး စစ်ကောင်စီ – စစ်ကော်မရှင် အုပ်ချုပ်ရေးယန္တရားတို့တွင် တာဝန်အဆင့်ဆင့်ဖြင့် ပါဝင်လာသည်။

၎င်းတို့သည် လွှတ်တော်တွင်း၌ ဥပဒေမူကြမ်းများကို ဆွေးနွေးငြင်းခုံခဲ့ရသော်လည်း ယခုအခါတွင် ဥပဒေကဲ့သို့ အာဏာတည်သော လုပ်ပိုင်ခွင့်ရ အမိန့်များအား တိုက်ရိုက်ထုတ်ပြန်ကာ ပြည်သူကို ဖိနှိပ်နေသည့် ယန္တရားအဖြစ် ပြောင်းလဲခဲ့သည်။

ယခင်ကာလများတွင်လည်း လွှတ်တော်အတွင်း ကော်မရှင်၊ ကော်မတီများ ဖွဲ့စည်းသည့်အခါ တပ်ကိုယ်စား လှယ်များ ပါဝင်ခဲ့ပြီး စစ်တပ်၏ နိုင်ငံရေးကဏ္ဍကို ထိခိုက်မှုမခံဘဲ ပြင်းပြင်းထန်ထန် ကာကွယ်ခဲ့ကြောင်း ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ အမတ်ဟောင်းများက ထောက်ပြသည်။

“အဓိကပြဿနာကတော့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချပြီဆိုရင် သူတို့တွေ ကိုယ့်ကိုယ်ကို မပိုင်ဘူး။ အထက်ကလာတဲ့ အမိန့်ကိုပဲ လိုက်နာရတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ် ၂၀၁၅ NLD အမတ်ဟောင်း ကိုနေဘုန်းလတ်က ပြန်လည်ပြောပြသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းပြီး ၅ နှစ်အကြာတွင် NLD ပါတီအပါအဝင် အင်အားကြီးမားသည့်ပါတီအများစုကို ဖျက်သိမ်း၍ ၂၀၂၅ – ၂၀၂၆ အတုအယောင်ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲတွင်မူ အာဏာသိမ်း စစ်ခေါင်းဆောင်က ဗိုလ်ချုပ်အဆင့်မှစတင်၍ စစ်တပ် အရာရှိများကို ၎င်း၏ လက်ဝေခံ ကြံ့ခိုင်ရေးပါတီမှတစ်ဆင့် ဝင်ပြိုင်သွားရန် ကြိုတင်စေလွှတ်ခဲ့ပြီး မဲအများဆုံးအနိုင်ရ ကြံ့ခိုင်ရေးပါတီအဖြစ် ဖန်တီးခဲ့သည်။

ထို့ကြောင့် ၂၀၂၅-၂၀၂၆ တစ်ဖတ်သတ် ရွေးကောက်ပွဲမှတစ်ဆင့် ဖြစ်ပေါ်လာသော စစ်အုပ်စု၏ အစိုးရသစ် ဖွဲ့စည်းရွေးချယ်ရေး လွှတ်တော်ကဏ္ဍတွင် စစ်ခေါင်းဆောင် လူယုံတော်များနှင့် ဝင်မပြိုင်ဘဲ အနိုင်ရသည့် တပ်အစုအဖွဲ့များကိုသာ တွေ့မြင်ရမည်ဖြစ်သည်။

🟥ဒီမိုကရေစီကို လည်မြိုညှစ်မည့် ယန္တရားသစ်

ယခု ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီအတွင်း စစ်ကော်မရှင်က ထုတ်ပြန်လာသော တပ်ကိုယ်စားလှယ် အမည် စာရင်းများသည် စစ်ခေါင်းဆောင်၏ အာဏာချုပ်ကိုင်လိုမှုကို ပိုမိုထင်ရှားစေသည်။ ပြည်ထောင်စု လွှတ်တော်အတွက် ဗိုလ်ချုပ် ၁၆၆ ဦးကို တာဝန်ပေးလာခြင်းသည် အာဏာသိမ်းမှုအား တရားဝင် ဖြစ်စေရန်နှင့် စစ်ခေါင်းဆောင်၏ လုံခြုံရေးကို ကာကွယ်ရန်ဖြစ်သည်။

စစ်ခေါင်းဆောင်သည် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့အတွက် တပ်အစုအဖွဲ့ ခေါင်းဆောင် များအဖြစ် ဗိုလ်ချုပ်ရဲကျော်သူ (တေဇ-၂၀) နှင့် ဗိုလ်ချုပ်ကျော်သူရအေး (တေဇ-၂၁) တို့ကို ခန့်အပ်ခဲ့ပြီး ၎င်း၏ လူယုံတော် မျိုးဆက်သစ်များကို လွှတ်တော်အတွင်း စနစ်တကျ နေရာချလာသည်။

စစ်တပ်သည် ယခုအကြိမ်တွင် အင်ဂျင်နီယာတပ်ဖွဲ့ဝင်များနှင့် အမျိုးသမီးအရာရှိများကို ပိုမိုထည့်သွင်း လာပြီး ထိုသို့ထည့်သွင်းလာခြင်းသည် နည်းပညာနှင့် စီမံကိန်းကဏ္ဍများကို ထိန်းချုပ်ရန်သာမက နိုင်ငံတကာပုံရိပ်တွင် “ကျား/မ ရေးရာ ပါဝင်မှုရှိသည်” ဟု ဟန်ပြရန် ကြိုးပမ်းခြင်းပင်ဖြစ်ကြောင်း စစ်ရေးအကဲခတ်များက ဆိုထားသည်။

ထို့ကြောင့် ၂၀၂၅-၂၀၂၆ အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ပေါက်လာမည့် လွှတ်တော်သည် ပြည်သူ့အကျိုးစီးပွားကို ဖော်ဆောင်မည့်နေရာ မဟုတ်ဘဲ ယူနီဖောင်းဝတ်အမတ်များနှင့် ၎င်းတို့၏ လက်ဝေခံများ ပေါင်းစပ်ကာ ဒီမိုကရေစီကို လည်မြိုညှစ်မည့် “အယောင်ပြလွှတ်တော်” ယန္တရား တစ်ခုသာ အဖြစ်သာ မှတ်ယူရမည်ဖြစ်သည်။