ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ ဖေဖော်ဝါရီ ၁၄ ရက်
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်အတွင်းရှိ ထင်းရှူစခန်း ခံစစ်ကုန်းကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိပြီး စစ်သုံ့ပန်းနှစ်ဦးနှင့် လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိကြောင်း ရှေ့တန်းစစ်ရေးသတင်းမြစ်ထံမှ သိရသည်။
တီးတိန်မြို့နယ် သိုင်ငင်းဘက်မှ တက်လာသည့် စစ်ကော်မရှင် စစ်ကြောင်းသည် ယမန်နေ့ ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖလမ်းမြို့နယ်ရှိ ချင်းပူးပေါင်းတပ်ဖွဲ့များ၏ ထင်းရှုးစခန်း ခံစစ်ကုန်းကို ဦးစွာတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ထင်းရှူးစခန်း ခံစစ်ကုန်းကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ နံနက် တစ် နာရီဝန်းကျင်တွင် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်သဖြင့် စခန်းကို အောင်မြင်စွာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

“မနေ့ည ၁၂ ကျော်လောက်မှာ ဖလမ်းမြို့နဲ့ ဗာလုံကြား Lumbang ရွာမှာ တိုက်ပွဲပြင်းထန်တယ်။ ဒီနေ့ မနက် တစ်နာရီလောက် တိုက်ပွဲအပြီးမှာ စစ်ကော်မရှင် နေရာယူထားတဲ့ ထင်းရှူးစခန်းခံစစ်ကုန်းကို ကျွန်တော်တို့ ပြန်သိမ်းတယ်”ဟု ရှေ့တန်းစစ်ရေးသတင်းအရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကော်မရှင်ဘက်က ထိခိုက်သေဆုံးမှုများပြီး စစ်သုံ့ပန်းအဖြစ် စစ်ကော်မရှင်တပ်ဖွဲ့ဝင် နှစ်ဦးကိုလည်း အရှင်ဖမ်းဆီးရမိပြီး လက်နက်မျိုးစုံ ၁၁ လက်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့အပြင် ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဖလမ်းမြို့နယ်၊ မဏိပူရ်မြစ်တလျှောက် ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဥ် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ဝှက်ထားသည့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။

“မဏိပူရ်မြစ်ဘက်မှာ အရင်ရက်တွေက တိုက်ပွဲဖြစ်တယ်။ အဲတိုက်ပွဲတုန်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ လက်နက်ခဲယမ်းတွေ မသယ်နိုင်တော့ဘဲ ဝှက်ထားခဲ့တဲ့ လက်နက်ခဲယမ်းတွေကို မနေ့က ထပ်မံ သိမ်းဆည်းရမိခဲ့ပါတယ်”ဟု ရှေ့တန်းစစ်ရေးသတင်းအရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများသည် ၁၂၂ မမ ရှော့တိုက်ဒုံး၊ ၁၂၀ မမ၊ ၈၁ မမ၊ RPG ဗုံးသီးများနှင့် အခြားဆက်စပ်ခဲယမ်းများဖြစ်ကြောင်း သိရသည်။
ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် စစ်ကော်မရှင်တပ်သည် ကလေးမြို့မှ အင်အားထောင်ချီအသုံးပြုကာ လေကြောင်းပစ်ကူ၊ ဒရုန်းတိုက်ခိုက်မှုများဖြင့် ထိုးစစ်ဆင်နေသည်မှာ လေးလဝန်းကျင် ရှိလာပြီဖြစ်သည်။
သို့သော်လည်း အဆိုပါ စစ်ကော်မရှင် စစ်ကြောင်းသည် လမ်းတလျှောက်တွင် ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများကာ ဖလမ်းမြို့ကို မရောက်ရှိနိုင်သေးကြောင်း သိရှိရသည်။
ထိခိုက်သေဆုံးမှုများသည့် စစ်ကော်မရှင်တပ်သည် ကလေးမြို့မှ အင်အားဖြည့်တင်းမှုများ ဆက်လက်လုပ်ဆောင်နေသလို ဖေဖော်ဝါရီ ၁၁ ရက်နေ့ကလည်း ကလေးမြို့မှ အင်အား ထပ်မံဖြည့်တင်းပြီး စစ်ရေးတင်းမာနေဆဲဖြစ်သည်။
ချင်းပြည်အစိုးရ၏ ဖေဖော်ဝါရီလ ၈ ရက်နေ့က ထုတ်ပြန်ချက်အရ ဖလမ်းမြို့နယ် လေးလကြာ တိုက်ပွဲတွင် အရာရှိ ၉ ဦးအပါအဝင် စစ်ကော်မရှင် တပ်ဖွဲ့ဝင် စုစုပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။