ဧရာဝတီတိုင်းမ်
(ကျိုက်ထို)၊ ဖေဖော်ဝါရီ ၁၄ ရက်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်နေ့ကစတင်ကာ စစ်ကြောင်းထိုးလာသည့် စစ်တပ်၏ အကြမ်းဖက်မှုများကြောင့် အရပ်သား လေးဦးသေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁၂၉၃၀ ဦးစစ်ဘေးရှောင်နေရကြောင်း သိရသည်။
စစ်ကော်မရှင်လက်အောက်ခံ ဗိုလ်မှူးအောင်ဇော်မိုး ဦးစီးသည့် အင်အား ၂၀၀ ကျော်ပါဝင်သည့် ခမရ-၂ နှင့် ခလရ-၈ တပ်ရင်းပူးပေါင်းစစ်ကြောင်းမှာ အလူးလေးကျေးရွာအုပ်စုသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အဆိုပါစစ်ကြောင်းမှာ ညောင်ခြေထောက်ရွာ၊ အလူးကြီးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး နေအိမ်များကိုမီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံဆိုင်ကယ်များကို အဓမ္မသိမ်းဆည်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်နေ့တွင် စစ်ကော်မရှင်က အင်အား ၂၅၀ ဝန်းကျင်အသုံးပြု၍ ခရွဲ နှင့် ဝင်းကံကျေးရွာအုပ်စုများသို့ ထပ်မံစစ်ကြောင်းထိုးဝင်ရောက်လာရာ တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အထိနာမှုများကြောင့် စစ်ကော်မရှင်က လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ စစ်ကွင်းရွာမှ ဦးစောနောင်(၆၀နှစ်) နှင့် ဇနီး ဒေါ်မအေး(၆၅နှစ်)၊ မုက္ခမော့ရွာမှ ဦးအေးသိန်း(၆၅နှစ်) တို့ လက်နက်ကြီးထိမှန် သေဆုံးခဲ့ရပြီး အခိုင်ရွာမှ ဦးကြက်ဥ(၅၀နှစ်) ကိုလည်း စစ်ကော်မရှင်က ပစ်သတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ကော်မရှင်၏ စစ်ကြောင်းထိုးဝင်ရောက်ကာ အကြမ်းဖက်မှုများကြောင့် အလူး၊ ငှက်ပျောတော၊ ခရွဲ၊ ဝင်းကံ စသည့်ကျေးရွာအုပ်စုအတွင်းရှိ ရွာပေါင်း ၁၉ ရွာ မှ အရပ်သား ၁၂၉၃၀ ဦး ကျော်မှာ စစ်ဘေးရှောင်တိမ်းနေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးများလိုအပ်လျက်ရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ထံကသိရသည်။
ဓာတ်ပုံ – KNU