ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၄ ရက်

အမေရိကန်အစိုးရအနေနဲ့ အီရန်အပေါ် စစ်ရေးအရ အရေးယူရန် ရှိ၊ မရှိ စဉ်းစားသုံးသပ်နေချိန် အီ ရန်နိုင်ငံမှာ အာဏာအပြောင်းအလဲ ဖြစ်ပေါ်ခြင်းဟာ အကောင်းဆုံးအရာ ဖြစ်လာလိမ့်မယ်လို့ သမ္မတ ဒေါ် နယ်ထရမ့်က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။

မြောက်ကာရိုလိုင်းနားပြည်နယ်၊ Ft. Bragg ရှိ စစ်သားများကို သွားရောက်ကြည့်ရှုပြီးနောက် ၎င်း က အခုလို မှတ်ချက်ပြုခဲ့တာပါ။

အရှေ့အလယ်ပိုင်းဒေသသို့ ဒုတိယမြောက် လေယာဉ်တင်သင်္ဘောအုပ်စုတစ်စုကို စေလွှတ်သွား မယ်လို့ ဒေါ်နယ်ထရမ့်က အစောပိုင်းမှာ အတည်ပြုခဲ့ပါတယ်။

အီရန်နိုင်ငံရှိ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေရဲ့ အုပ်ချုပ်မှုကို ဖယ်ရှားမယ့် ဖိအားပေးမှု တွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းမှုကို “အာဏာအပြောင်းအလဲက အကောင်းဆုံးဖြစ် လာမယ့်အရာလို့ ထင်ပါတယ်” လို့ သူက ပြန်လည်ဖြေကြားခဲ့ပါတယ်။

၎င်းရဲ့ အဓိကဦးစားပေးမှာ အီရန် နျူကလီးယားအစီအစဉ်ကို ထပ်မံလျှော့ချဖို့ဖြစ်ကြောင်း မကြာ သေးမီသီတင်းပတ်များအတွင်း ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ပြီး ယင်းမှာ အမေရိကန်က အီရန်ထံမှ လိုလား တဲ့ လိုက်လျောမှုတွေထဲမှ အချက်တစ်ချက်ဖြစ်တယ်လို့ သောကြာနေ့မှာ ထပ်မံပြောကြားခဲ့ပါတယ်။

ဒီသီတင်းပတ်အတွင်း ဝါရှင်တန်သို့ သွားရောက်ကာ ဒေါ်နယ်ထရမ့်နဲ့ ဆွေးနွေးခဲ့တဲ့ အစ္စရေးဝန် ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကလည်း အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်အစီအစဉ်ကို ပယ်ဖျက်ဖို့၊ ဟားမတ်စ်၊ ဟစ်ဇ်ဘိုလာလိုမျိုး လက်ဝေခံအုပ်စုများသို့ ရန်ပုံငွေထောက်ပံ့နေမှုတွေကို ရပ်တန့်ရေး သဘောတူညီ ချက်မှာ ထည့်သွင်းရန် ဖိအားပေးနေပါတယ်။

“ကျွန်တော်တို့သာ လုပ်ဖြစ်မယ်ဆိုရင် အဲဒါက လုပ်ငန်းစဉ်ရဲ့ အသေးဆုံးအပိုင်းပဲ ရှိပါသေးတယ်” လို့ ဒေါ်နယ်ထရမ့်က အီရန် နျူကလီးယားအစီအစဉ်ကို ပစ်မှတ်ထားခြင်းနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါ တယ်။

အဆိုပါ နျူကလီးယားအစီအစဉ်ဟာ ပြီးခဲ့တဲ့နှစ် အမေရိကန်ရဲ့ စစ်ရေးအရ တိုက်ခိုက်မှုတွေ ကြောင့် သိသာထင်ရှားတဲ့ ထိုးနှက်ချက်တွေ ကြုံတွေ့ခဲ့ရပါတယ်။

အီရန်ကမူ နျူကလီးယားအစီအစဉ်ဟာ ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက်သာ ဖြစ်တယ် လို့ အခိုင်အမာ ပြောဆိုထားပါတယ်။

ဇွန်လစစ်ပွဲမတိုင်မီ အီရန်က ယူရေနီယံသန့်စင်မှုကို ၆၀ ရာခိုင်နှုန်းအထိ မြှင့်တင်ခဲ့ပြီး ယင်းမှာ လက်နက်အဆင့်မီ သန့်စင်ရန်အတွက် နည်းပညာအရ အဆင့်အနည်းငယ်သာ လိုတော့တဲ့ အခြေအနေ ဖြစ်ပါတယ်။

ကိုးကား – PBS
Ref; Trump says change in power in Iran would be ‘best’ after sending 2nd aircraft carrier to region