ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၄ ရက်
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) အနီးသို့ အာရက္ခ တပ်တော် (AA) က ထိုးစစ်ဆင်လာသည့်အတွက် စက်ရုံထုတ်လုပ်မှုများ ရပ်ဆိုင်းသွားကာ ခံစစ်စခန်း အနေအထား ပြုလုပ်နေကြောင်း သိရသည်။
ကပစ-၁၆ ၏ အဓိက ကာကင်းစခန်းဖြစ်သော ပွိုင့် (၆၆၆) စခန်းကုန်းကို AA က ဒုတိယအကြိမ် သိမ်းယူပြီးနောက်၊ စက်ရုံအနီးရှိ စခန်း ခုနစ် ခုအထိ ယခုဖေဖော်ဝါရီလအတွင်း ဆက်တိုက်သိမ်း ယူခဲ့သည့်အတွက် စစ်ကော်မရှင်က စက်ရုံအနီးဝန်းကျင်သို့ စစ်ကူများခေါ်ယူကာ အင်အားတိုးချ ထားကြောင်း သိရသည်။
“အဓိက ရင်ဆိုင်ရမယ့် စခန်းကြီးတစ်ခုပဲ ရှိမယ်။ ကျန်တာကတော့ ကာကင်းစခန်းတွေပဲ” ဟု ကပစစက်ရုံနှင့် နီးစပ်သည့် တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စက်ရုံအနီးရှိ ကာကင်းစခန်း သုံးခုခန့်သာ ကျန်ရှိတော့ပြီး ကပစ စက်ရုံအခြေစိုက်ရာ မသုန်ကျေးရွာနှင့် AA တပ်ဖွဲ့များအကြား တိုက်ပွဲအခြေအနေမှာ ၅ ကီလိုမီတာအထိ နီးကပ်လာကာ ပွိုင့် (၅၀၆) စခန်းကုန်းအထိ ချဉ်းကပ်လာခြင်းဖြစ်သည်။
စက်ရုံရှိရာ မသုန်ကျေးရွာနှင့် စခန်းကုန်းများအကြားတွင် ပွိုင့် (၃၅၃) နှင့် ပွိုင့် (၂၈၈) စခန်းနှစ်ခုသာ ကျန်ရှိပြီး စစ်ကော်မရှင်က ဒရုန်းများကို အဓိကထားအသုံးပြုကာ ခံစစ်ဆင်နေရသည့် အနေအထားသို့ ရောက်ရှိလာကာ ပွိုင့် (၅၀၆) စခန်းအထိ တိုက်စစ်ဆင်ခံနေရခြင်းဖြစ်သည်။