ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၃ ရက်
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့ရှိ ကျောင်းတစ်ကျောင်းတွင် ကျောင်းသူတစ်ဦးကို ကယ်တင်ရန် ဓားစာခံအဖြစ် အစားထိုးဝင်ရောက်ပေးခဲ့သည့် ကျောင်းအုပ်ဆရာမကြီးမှာ ရရှိသည့် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပြီးနောက် လူသတ်သမားကို ရဲတပ်ဖွဲ့က အမှု ခြောက် ခုဖြင့် စွဲချက်တင်ထား ကြောင်း သိရသည်။
ရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်နေ့က အသက် ၁၈ နှစ်အရွယ် လူတစ်ဦး အကြမ်းဖက် နေကြောင်း တိုင်ကြားမှုရရှိခဲ့၍ အခြေအနေထိန်းချုပ်ရန်ကြိုးစားနေစဉ် အဆိုပါလူငယ်က ရဲတပ်ဖွဲ့ထံမှ သေနတ်ကို လုယူကာ ဆိုင်ကယ်ဖြင့် အခင်းဖြစ်ပွားရာ ကျောင်းသို့ ထွက်ပြေးသွားခြင်းဖြစ်သည်။

ဆုန်ခလာခရိုင် ရဲတပ်ဖွဲ့က သံသယရှိသူအား လူသတ်မှု၊ လူသတ်ရန် ကြံစည်မှု၊ ဝတ္တရားနှောင့်ယှက်မှု၊ တရားမဝင် ဖမ်းဆီးချုပ်နှောင်မှု၊ လုယက်မှုနှင့် ပြည်သူပိုင်ပစ္စည်း ပျက်စီးစေမှု အပါအဝင် ပြင်းထန်သည့် ပြစ်မှု ခြောက် ခုဖြင့် စွဲချက်တင် တရားစွဲဆိုထားသည်။
သေနတ်ဖြင့် ပစ်ခတ်ခဲ့သူလူငယ်မှာ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် စိတ်ရောဂါကုသမှု ခံယူဖူးသူဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကမှ ဆေးရုံမှ ဆင်းလာသူဖြစ်ကြောင်း သိရသည်။

ထိုင်းပြည်သူလူထုနှင့် ပညာရေးလောကက ကျောင်းသားများကို အသက်နှင့်ရင်း၍ ကာကွယ်ခဲ့သည့် ကျောင်း အုပ်ဆရာမကြီး၏ လုပ်ရပ်အပေါ် “ကိုယ်ကျိုးစွန့်သည့် သူရဲကောင်းဆရာမ” အဖြစ် ဂုဏ်ပြု ပြောဆိုလျက်ရှိသည်။
ထိုင်းပညာရေးဝန်ကြီးဌာနကလည်း ဆရာမကြီး၏ သေဆုံးမှုအတွက် အလွန်ဝမ်းနည်းရကြောင်းနှင့် သူမ၏ သူရဲကောင်းဆန်မှုကို အမြင့်ဆုံး ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ဆုန်ခလာခရိုင်အုပ်ချုပ်ရေးမှူးကလည်း အဆိုပါဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကို ဆေးရုံသို့ သွားရောက်တွေ့ဆုံကာ အားပေးစကားပြောကြားပြီး လိုအပ်သည့် ကူညီ ထောက်ပံ့မှုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – The Nation Thailand