ဧရာဝတီတိုင်းမ်
(ဟားခါး)၊ဖေဖော်ဝါရီ ၁၃ ရက်

 

ချင်းပြည်နယ်၏ မြို့တော် ဟားခါးတွင် ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် မော်တော်ယာဥ် တိုက်ခံရပြီး အရာရှိတစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း CDF (ဟားခါး) နှင့် နီးစပ်သူထံမှ သိရသည်။

 

ဟားခါးမြို့တွင် တာဝန်ကျနေသည့် ရဲမင်းကြီးသည် ၎င်း၏ လက်အောက်ငယ်သားများကို အသုံးပြု၍ ပြည်သူလူထုများထံမှ တစ်ရက်လျှင် အနည်းဆုံး ငွေကျပ် သိန်း ၃၀ ထက်မနည်းကို နည်းမျိုးစုံဖြင့် တောင်းခံနေကြောင်း သိရသည်။

 

ထိုသို့ ကောက်ခံရရှိသည့် ငွေကြေးများကို ဟားခါးမြို့ တပ်ကုန်းရှိ ဗျူဟာမှူးထံ သွားရောက်ကန်တော့ လေ့ရှိသည့်အတွက် ယမန်နေ့ ဖေဖော်ဝါရီ ၁၂ ရက်၊ ည ၇ နာရီဝန်းကျင်တွင် CDF-Hakha က ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

“မနေ့ည ပြည်ထောင်စုနေ့မှာ ပြည်သူတွေဆီက ငွေလု သောက်စား မူးရူးပြီးကားနဲ့ အပြန်လမ်းမှာ CDF-Hakha က မြို့တွင်း စစ်ဆင်ရေးတစ်ခုအနေနဲ့ တိုက်ခိုက်ခဲ့တာပါ”ဟု CDF-Hakha နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အဆိုပါ တိုက်ခိုက်မှုတွင် အရာရှိတစ်ဦးအပါဝင် ရဲတပ်ဖွဲ့ဝင် သုံး ဦး ပွဲချင်းပြီး သေဆုံးပြီး ငါး ဦး ပြင်းထန် ဒဏ်ရာရရှိကာ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

 

CDF-Hakha အနေဖြင့် ဟားခါးမြို့အတွင်း အေးချမ်းစွာ နေထိုင်သည့် ပြည်သူများထံမှ ငွေကြေး ကောက်ခံခြင်းများ ဆက်လက်လုပ်ဆောင်နေပါက ယခုထက် ပိုမိုပြင်းထန်သည့် တိုက်ခိုက်မှု ပြုလုပ် သွားမည်ဟု သတိပေးထားသည်။

 

ထိုသို့ တိုက်ခိုက်မှုအပြီးတွင် ဟားခါးမြို့ အခြေစိုက် စစ်ကော်မရှင်တပ်၏ ရုန်းတောင် ဗျူဟာကုန်းမှ အရပ်သားပြည်သူများ နေထိုင်သည့်နေရာများကို လက်နက်ကြီးကျည်များ ရမ်းသန်း ပစ်ခတ်နေကြောင်း သိရှိရသည်။

 

“မနေ့က တစ်ညလုံး လက်နက်ကြီးကျည်တွေ တောက်လျှောက် ရမ်းသမ်းပစ်ခတ်နေတယ်။ ပြည်သူတွေ တစ်ယောက်မှ အိပ်မရဖြစ်နေတယ်။ ဒီမနက်ရောက်မှ ပစ်ခတ်မှု ငြိမ်သွားတယ်”ဟု ဟားခါးမြို့ခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

လက်ရှိတွင် ဟားခါးမြို့အတွင်း စစ်ကော်မရှင်တပ်က လုံခြုံရေး တင်းကျပ်ထားပြီး လူစည်းကားသည့် နေရာများနှင့် မြို့အဝင်အထွက် နေရာများတွင် သွားလာနေကြသည့် ပြည်သူများကို စစ်ဆေးမှုများ လုပ်နေကြောင်း သိရှိရသည်။

 

ပုံစာ-ဟားခါးမြို့ပေါ်တွင်တွေ့ရသည့် စစ်ကော်မရှင်နှင့်ရဲတပ်ဖွဲ့ဝင်များ။