‎ဧရာဝတီတိုင်းမ်
‎ဖေဖော်ဝါရီ ၁၃ရက်

ကျောက်ဖြူမြို့နယ်တိုက်ပွဲများမှ အောင်ပွဲအလီလီရရှိ၍ ရန်ကုန်သို့ ပြန်ရောက်လာသည့် တပ်ဖွဲ့ဝင်များ ကို ကြိုဆိုခဲ့ကြောင်း စစ်ကော်မရှင်က ဝါဒဖြန့်ထုတ်ပြန်ထားသည်။

စစ်ကော်မရှင်သည် ‎လှည်းကူးမြို့နယ်၊ အင်းတိုင်ရှိ နယ်မြေခံ စစ်တပ်ရင်းတစ်ခုတွင် ကျောက်ဖြူပြန် တပ် သားများကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ရက်တွင် ကြိုဆိုဂုဏ်ပြုပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

‎”ဒီဇင်ဘာလကပို့လိုက်တဲ့ ရန်ကုန်က လက်ကျန်အင်အားအနည်းအငယ် တပ်အပြောင်းအvJ လုပ်တာပါ။ အဓိက ကတော့ သူတို့တပ်အတွင်း ဝါဒဖြန့်ပေးတာပေါ့နော်။ ပို့မလောက်ကျောက်ဖြူဆိုတာ သူတို့ သိတယ်လေ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါကြိုဆိုပွဲသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်း ဦးဆောင်သည့်အဖွဲ့ တက်ရောက်ခဲ့ပြီး ကျောက်ဖြူပြန်တပ်သားများမှာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့၍ ဂုဏ်ပြုကြိုဆိုခြင်း ဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့သည်။

ကျောက်ဖြူမြို့နယ်သည် ရခိုင်မြို့သိမ်းတိုက်ပွဲများ ကာလရှည်ကြာလာသည်နှင့်အမျှ စစ်ကော်မရှင်က အင်အားအလုံးအရင်း ဖြည့်တင်းနေရသည့် နယ်မြေဖြစ်ပြီး မကြာမီရက်ပိုင်းကပင် ကျောက်ဖြူ ရေတပ်ဌာနချုပ်အတွင်းသို့ ရေကြောင်း၊ လေကြောင်းများအသုံးပြုကာ စစ်ကူအင်အား ၆၀၀ ခန့် ပို့ဆောင်ထားရသည်။

ထို့ပြင် ပြီးခဲ့သည့် ‎ဇန်နဝါရီလကလည်း ရန်ကုန်အခြေစိုက်တပ်ရင်းများမှ ထုတ်နှုတ်အင်အားများကို ဓညဝတီရေတပ်ဌာနချုပ်နှင့် ခလရ-၃၄ သို့ ပို့ဆောင်ခဲ့သော်လည်း AA နှင့် ထိတွေ့တိုက်ပွဲများအတွင်း အင်အားပြုန်းတီးမှုများပြားလျက်ရှိသည်။။

လက်ရှိတွင် AA သည် ‎ကျောက်ဖြူတိုက်ပွဲတွင် စစ်ရေးအရအရေးပါသည့် သိုင်းချောင်း၊ ရေဒါစခန်း၊ မင်းပြင်နှင့် လမ်းကွဲအနီးရှိ စခန်းများကို သိမ်းပိုက်ထားပြီးဖြစ်သည်။ ထို့ပြင် သစ်ပုတ်တောင်ရေတပ်ကို ဦးတည်တိုက်ခိုက်နေကာ ရေတပ်နှင့် ၄ မိုင်အကွာရှိ ဦးကင်းရွာအထိ ခြေကုတ်ယူနိုင်ရန် ကြိုးပမ်း နေကြောင်း သိရသည်။

ဓာတ်ပုံ-စစ်ကော်မရှင်