ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၃ ရက်

 

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးစခန်းတစ်ခုကို စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ၁၁ဦးကျဆုံးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံကသိရသည်။

 

ဆားလင်းကြီးမြို့နယ် ဖိုလ်ဝင်တောင်အနီးရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)စခန်းကို ယမန်နေ့ ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) နေ့လည် တစ် နာရီအချိန်ခန့်တွင် စစ်ကော်မရှင်က ဂျိုင်ရိုကော်ပတာ သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“သတင်းပေါက်ကြားမှုတွေရှိတာ သေချာတယ်။ သေချာလို့ အတိအကျကြီးကို လာကြဲသွားတာ။ ကျဆုံးရဲဘော်တွေက ပြန်ခုခံပစ်ခတ်ဖို့လုပ်ကြသေးတယ်လို့ ကြားတယ်”ဟု စစ်ကိုင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အဆိုပါစခန်းကုန်းကို ယနေ့ ဖေဖော်ဝါရီ ၁ ၃ ရက်နံနက် ကိုးနာရီဝန်းကျင်တွင်လည်း လေကြောင်းမှ ထပ်မံဗုံးကြဲခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များ ထိခိုက်မှုမရှိဟု သိရသည်။

 

စစ်ကော်မရှင်က ယမန်နေ့ တစ်ရက်တည်းတွင် ရခိုင်ရှိ ကျောက်တော်နှင့် မြောက်ဦးကိုလည်း ဗုံးကြဲခဲ့ပြီး ဖေဖော်ဝါရီ ၁၁ ရက်နေ့ကလည်း နတ်တလင်းနှင့် ပေါက်မြို့နယ်ကို ဂျက်လေယာဉ် သုံးစီး အထိသုံးကာ တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံပြည်သူများသေဆုံးခဲ့ရသည်။