ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၃ ရက်
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးနှင့် မြစ်ကြီးနားလေဆိပ်ကို KIAက ဆူဆိုက်ဒရုန်းများဖြင့်ပစ်ခတ်ခဲ့မှုကို စစ်ကော်မရှင်က ယုတ်မာရိုင်းစိုင်းသည့်လုပ်ရပ်ဟု ထုတ်ပြန်လာကြောင်း သိရသည်။
ပန်းမတီးရပ်ကွက်ရှိ မြစ်ကြီးနားလေဆိပ်အတွင်း ပြေးလမ်းပေါ်နှင့် စစ်တပ်၏ စစ်ဌာနချုပ် မပခအနီးကို FPV suicide droneများ ကျရောက်လာသည့်အတွက် ယမန်နေ့ ဖေဖော်ဝါရီ ၁၂ရက်နေ့က လေယာဉ်ခရီးစဉ်အချို့ ရပ်ဆိုင်းခဲ့သည်။

“မပခ စစ်ဌာနချုပ်အနီးနဲ့ မြစ်ကြီးနားလေဆိပ်ထဲက စစ်တပ်တပ်စွဲနေရာတွေကို အဓိကထား တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ စစ်တပ်ကတော့ လိုရာစွဲထုတ်ပြန်တာပေါ့” ဟုကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်ကမူ အဆိုပါဖြစ်စဉ်ကို အကြမ်းဖက်များ၏ ယုတ်မာရိုင်းစိုင်းသည့် လုပ်ရပ်ဖြစ်ပြီး လေယာဉ်ကွင်းကိုတိုက်ခိုက်မှုသည် ဂျနီဗာကွန်ဗန်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာ စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်သည်ဟု ပြောဆိုထားသည်။
ဒရုန်းကျရောက်သည့်ဖြစ်စဉ်တွင်လူထိခိုက်မှုမရှိဘဲ ဒရုန်းတွင်ပါဝင်သည့် ဖောက်ခွဲရေးပစ္စည်းများကို သက်မဲ့ဖြစ်သွားအောင်ပြုလုပ်ခဲ့သည်ဟုစစ်ကော်မရှင်က ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၂ရက်နေ့ ညပိုင်းအချိန်တွင်ပင် စစ်ကော်မရှင်က AAတပ်ဖွဲ့များထိန်းချုပ်ထားသည့် ကျောက်တော်နှင့် မြောက်ဦးရှိ အရပ်သားပြည်သူများနေထိုင်ရာ ရပ်ကွက်ကို ဗုံးကြဲသည့်အတွက် နှစ်လသားကလေးငယ် အပါအဝင်ပြည်သူ ခုနှစ်ဦးသေဆုံးခဲ့သည်။
အဆိုပါအကြမ်းဖက်လုပ်ရပ်များကို စစ်ကော်မရှင်က အကြမ်းဖက်နှိမ်နှင်းမှုဟု ခေါင်းစဉ်တပ်ကာ ပြည်သူများကို အစဉ်တစိုက်ကျူးလွန်နေနေခြင်းဖြစ်သည်။
ပုံစာ-ပျက်စီးနေသည့် ဒရုန်းတစ်စီး